ဆားလင်းကြီး ဒေသခံတွေနစ်နာမှု တရုတ်ကုမ္ပဏီနဲ့ ဆွေးနွေး
2016.07.23

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေယာ သိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက်ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
မြန်မာယန်စီကုမ္ပဏီဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရတဲ့အခါ မြေယာလျော်ကြေး ပေးဆောင် သွားမယ်လို့ တာဝန်ရှိသူတွေက ကတိပေးကြောင်း ဒီနေ့တွေ့ဆုံပွဲကို သွားရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။
"တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထောက်ပံ့ကြေး၊ နစ်နာကြေးပေးဖို့အတွက်ကို သူတို့ကစာတင်ထားတာ ရှိတယ်၊ တိုင်းဒေသကြီးက ညွှန်ကြားလာတဲ့အခါမှာ ကျနော်တို့ဒါကိုလိုက်နာဆောင်ရွက်ပါမယ်ဆိုပြီးတော့ ကျနော်တို့ကိုပြောလာတာရှိတယ်၊ လက်ရှိလုပ်နေတဲ့နေ့စားအလုပ်သမားတွေကို မဖြုတ်ပါဘူး၊ ကန်ထရိုက် ဝန်ထမ်းအဖြစ်ပြောင်းလဲပေးဖို့ လုပ်နေပါတယ်ဆိုပြီးတော့ပြောတယ်၊ နောက်ပြီးသဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အက်စစ်ဖြန်းတဲ့နည်းစနစ်ကို မသုံးဖို့၊ အစက်ချတဲ့နည်းစနစ်ကိုသုံးဖို့ဆိုတာတွေကို ပြောတဲ့ အချိန်မှာလည်း သူတို့ဒါကိုဖြည်းဖြည်းချင်းလုပ်နေပါတယ်ဆိုပြီး ပြောတာတွေရှိပါတယ်"
မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံ နေ့စားအလုပ်သမား ၃ဝဝ ကျော်ရှိပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြန်လည်ပြောဆိုခဲ့တယ်လို့ ကိုတင့်အောင်စိုး က ပြောပါတယ်။
စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ဧရိယာအတွင်းက ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပါဝင်သွားတဲ့ လယ်ယာမြေတွေအတွက်ပေးတဲ့ လျော်ကြေးအတိုင်း ရရှိဖို့ တောင်းဆိုထား တာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင် ကုမ္ပဏီ ဘက်က နှစ်ကြိမ်လျော်ကြေးပေးတာရှိပြီး ပထမအကြိမ်က မြေတစ်ဧကအတွက် အများဆုံး ၁၅ သိန်းနဲ့ ဒုတိယအကြိမ်မှာ အများဆုံး ၁ဝ သိန်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ၆ဝဝဝ ကျော် ရှိပြီး အများစုက မြေယာလျော်ကြေး မယူထားရသေးဘူးလို့လည်း ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်ပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော် အတွက် မြေယာလျော်ကြေးပေးဖို့ နဲ့ ဒေသခံနေ့စားအလုပ်သမားတွေကို မြန်မာယန်စီကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ တောင်သူနှစ် ရာလောက်က မြန်မာယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တေ့ွဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင့်အောင်စိုးကို RFA သတင်း ထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။