သီးနှံလျော်ကြေးကိစ္စ ဆန္ဒပြတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တွေ့ဆုံ


2017.02.25
lpt-meet-prime-minister-620.jpg လက်ပံတောင်းဒေသ သီးနှံလျော်ကြေးကိစ္စ ဆန္ဒပြတောင်သူတွေနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - အိန်ဂျယ် နတ်သမီး

လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာတွေထဲက လျော်ကြေးမယူထားတဲ့ ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးပေးရေးကိစ္စကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ညှိနှိုင်းပေးပြီး အဆင်မပြေ ရင် ပြည်ထောင်စုအစိုးရထံ တင်ပြပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ဒီနေ့ ပြောပါတယ်။

ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးရရှိဖို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီတင်ယာဉ်တွေကို ပိတ်ဆို့ဆန္ဒပြနေ တဲ့ ဒေသခံတွေနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ ဒီနေ့ လွှတ်တော်ရုံးမှာ တွေ့ဆုံရာမှာ ပြောခဲ့ တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဆည်တဲရွာသူ မရီဝင်း က ပြောပါတယ်။

"ဒေသခံတွေကတော့ မြေယာလျော်ကြေးမယူသေးတဲ့ တောင်သူတွေပေါ့နော်။ အဲဒီအထဲမှာ သီးနှံလုပ်မစား ရတဲ့အတွက် သီးနှံလျော်ကြေးဆိုပြီးတော့ ဝန်ကြီးချုပ်နဲ့တွေ့ပြီး တောင်းဆိုတယ်။ တောင်းဆိုတဲ့အခါ ကျတော့ ဝန်ကြီးချုပ်ကလည်း သူတစ်ဦးတစ်ယောက်တည်းနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိသေးဘူး။ ဆွေးနွေးရဦး မယ်ပေါ့ ဝမ်ပေါင်ကုမ္ပဏီနဲ့၊ ဆွေးနွေးပြီးတော့မှ အဖြေရလဒ်ပေါ်မှာ ကြည့်ပြီးတော့မှ ဆုံးဖြတ်ချက် ချနိုင်မယ်ပေါ့။ အခုနေတုန်းကတော့ ဘယ်လိုမှ ဆုံးဖြတ်ချ မပေးနိုင်သေးဘူး။ တကယ်လို့မှ ဝမ်ပေါင် ကုမ္ပဏီနဲ့ အဆင်မပြေဘူးဆိုရင် ပြည်ထောင်စုကို စာတင်ရဦးမယ်လို့ ပြောတယ်။"

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဘယ်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီနဲ့တွေ့ဆုံပြီး ဒေသခံတွေကို ဘယ်လိုအကြောင်းပြန် ကြားမယ်ဆိုတာကိုတော့ အတိအကျမပြောလိုက်ဘူးလို့ ဆိုပါတယ်။

သီးနှံလျော်ကြေးရရှိရေးအတွက် ဝန်ကြီးချုပ်နဲ့တွေ့ဆုံခွင့်ရဖို့ ဆည်တဲ၊ မိုးကြိုးပြင်နဲ့ တုံရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီး စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီတင်တဲ့ ယာဉ်တွေကို တားဆီးပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလို လမ်းပိတ်ပြီး ကြေးနီတင်ယာဉ်တွေကို တားဆီးတဲ့အထဲက ဒေသခံ ၂၅ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ ပြည်သူပိုင်လမ်းပိတ်ဆို့မှု ပုဒ်မ ၁၄၃/ ၄၃၁ တို့နဲ့ ဆားလင်းကြီးမြို့မရဲစခန်းက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။