ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး ရွာသား ၃ဝဝ ကျော် တောင်းဆို ဆန္ဒပြ
2013.06.25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့ ရည်ရွယ်ပြီး ဒေသခံလူထု ၃ ရာကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ တုံရွာထိပ်ကနေ ထန်းတောသစ်ဆိပ်ရွာအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံး ဖျက်သိမ်းပေးဖို့၊ ပုဒ်မ (၁၄၄) ပြန်ရုတ်သိမ်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ ဖမ်းဝရမ်းအမိန့်ကို ပြန်လည်ရုတ်သိမ်းပေးဖို့ စတာတွေပါဝင်တဲ့ အချက် ၁၁ ချက်ကို လမ်းလျှောက်ချီတက် တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲမှာ ဆည်တဲ၊ တုံရွာ၊ အလယ်တော၊ တောကျောင်း၊ ရွာသစ်၊ ဇီးတောနဲ့ မိုးကြိုးပြင်ရွာတို့က ဒေသခံတွေပါဝင်တယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်စီမံကိန်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။