အစားထိုးမြေရှာဖွေပေးမယ်လို့ ဦးပိုင်ကုမ္ပဏီ ပြော


2017.10.24
lpt-622.jpeg မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေအတွက် အစားထိုးမြေဧက ၁၉၀၀ ကိုပြန်ပေးဖို့ မြေနေရာရှာဖွေပေးမှာဖြစ်ကြောင်း ဦးပိုင်ကုမ္ပဏီဘက်က ဒီကနေ့ ပြောကြားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းလွှတ်တော်ရုံးမှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝမ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ဒေသခံတချို့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ဒေသခံ ဒေါ်စန်းနွဲ့ က ပြောပါတယ်။

"ဒေသခံတွေနဲ့ အနီးဝန်းကျင် စိုက်ပျိုးလို့ရမယ့် မြေဧက ၁၉၀၀ ကို ဖော်ဆောင်ပေးမယ်ဆိုတာ အဲ့ကျတော့ သူတို့ရှာဖွေကြည့်လိုက်ဦးမယ်ဆိုပြီး သစ်တောတို့၊ မြေစာရင်းတို့ကို သူတို့မေးတယ်၊ ဘယ်နေရာမှာ မြေလွတ်မြေရိုင်းရှိပါသလဲ ဆိုတော့ကျတော့ ဆားလင်းကြီးမှာလည်း မရှိဘူး၊ ယင်းမာပင်လည်း မရှိဘူး၊ ကနီဘက်တော့ရှိပါတယ်ဆိုတော့ ကနီဘက်ကျတော့ ဘယ်လိုလုပ်မှာ လဲ၊ ဒေသခံတွေနဲ့ အဆင်မပြေဘူး၊ ဒေသခံတွေရဲ့ အနီးတစ်ဝိုက်ဆိုတော့ သူတို့ရှာဖွေကြည့်ပါ ဦးမယ်ဆိုပြီး အဲလိုပဲ အစည်းအဝေးကို အပြီးသတ်ခဲ့ရတာ။"

ဦးပိုင်ကုမ္ပဏီဘက်က အရင်က အစားထိုးမြေနေရာ ၂ နေရာ ရှာဖွေပေးခဲ့ပေမယ့် အဲဒီနေရာတွေ ဟာ ဒေသခံတွေနဲ့ ဝေးလွန်းတာ၊ စိုက်ပျိုးလို့မရတာတွေကြောင့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

ဒေသခံတွေ တောင်းဆိုတာက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာမှာပါတဲ့အတိုင်း အစားထိုး မြေဧက ၁၉၀၀ ဖော်ဆောင်ပေးဖို့၊ ဖော်ဆောင်မပေးနိုင်ရင် သီးနှံနစ်နာကြေးပေးဖို့ ဖြစ်ပါတယ်။

သီးနှံနစ်နာကြေးပေးဖို့ အစီအစဉ်ကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားမှုမရှိခဲ့ဘူးလို့ ဒေါ်စန်းနွဲ့ က ပြောပါတယ်။

ဒေသခံတွေဟာ လက်ပံတောင်းအစီရင်ခံစာမှာပါတဲ့ အစားထိုးမြေဧက ၁၉၀၀ ကို ပေးဖို့အတွက် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာထိပ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီသယ်တဲ့ယာဉ် ၄ စီးကို အောက်တိုဘာလ ၁၀ ရက်နေ့က တားဆီးပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ပါသေးတယ်။

စခန်းဖွင့်ပြီး နောက်တစ်နေ့မှာ အဲဒီသပိတ်စခန်းကို တပ်မတော်နဲ့ ရဲအင်အား ၃၀၀ လောက်နဲ့ လာရောက် ဟန့်တားပြီး အတားခံထားရတဲ့ ကြေးနီကားတွေကို ပြန်ထုတ်သွားခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံတာကတော့ အောက်တိုဘာလ ၄ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးဖို့ ဒေသခံတွေက စာတင်ထားတာကို ကုမ္ပဏီတာဝန်ရှိသူ တရုတ်ပြည်ပြန်သွားတာကြောင့် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းကျမှ တွေ့ဆုံပေးမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ပြောထားတဲ့အတိုင်း တွေ့ဆုံပေးခဲ့တာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။