လက်ပန်းတောင်းအကြမ်းဖက်မှု ဖြေရှင်းဖို့ တကိုယ်တော်ဆန္ဒပြ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်မှောက် တောင်းဆိုခဲ့ရာမှာ အကြမ်းဖက်ဖြိုခွဲ ခံခဲ့ရတဲ့ ရဟန်းရှင်လူတွေ အရေးနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုထင်ကျော်ဟာ ရန်ကုန် သိမ်ကြီးဈေး တဝိုက်မှာ ဒီကနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

လက်ပန်းတောင်းအရေးနဲ့ ပတ်သက်ပြီး ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေစဉ် Photo: RFA/Kyaw Zawe Win

ကိုထင်ကျော်ဟာ နေ့လည် (၂) နာရီ ကျော်လောက်မှာ သိမ်ကြီးဈေးရှေ့က ဆူးလေ ဘုရားလမ်း အတိုင်း လမ်းလျှောက်ကာ ကတိမတည်တဲ့ ပြည်ထောင်စုအစိုးရဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ စာစောင် တွေ ဖြန့်ဝေပြီး မြို့တော်ခန်းမရှေ့အထိ သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထောက်ခံကြောင်းနဲ့ အဲဒီသပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခဲ့မူတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်တာကြောင့် ခုလိုတကိုယ်တော်  ဆန္ဒပြရတာဖြစ်တယ်လို့ ကိုထင်ကျော်က RFA ကိုပြောပါတယ်။

" လက်ပန်းတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းရှင်လူ မိဘပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဖော်ထုတ်နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့က ကျွန်တော်တို့ကိုဖမ်းဆီးမယ်ဆိုရင် လက်ပန်းတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွင်းဖို့ လက်နက်ထုတ်ပေးတဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုပါတယ်"

ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်ဟာ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေး ကာလတစ်ဝိုက်ကလည်း ဒီဇယ်ဆီ ဈေးနှုန်းကျဆင်းရေး ၊ ကုန်ဈေး နှုန်းကျ ဆင်းရေး အတွက် အခုလို တောင်းဆို ဆန္ဒပြမူတွေကြောင့် အဖမ်းခံခဲ့ရကာ ခန္တီးထောင်မှာ ထောင်ဒဏ် (၅) နှစ်ခွဲ အကျဉ်းကျခံခဲ့ရပြီး  ယခုနှစ် ( ၁ ) လပိုင်းက ပြန်လည် လွတ်မြောက် လာသူ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org