လောက်ကိုင်က တရုတ်နိုင်ငံသားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့ တရုတ်သံရုံး သတိပေး

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းတို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းတို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Ministry of Foreign Affairs Myanmar)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတိပေးလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဲဒီမှာရှိတဲ့ တရုတ်နိုင်ငံသားတွေအတွက် အန္တရာယ်မြင့်မားနေတယ်လို့ တရုတ်သံရုံးက သတိပေးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းဟာ နိုဝင်ဘာ ၂၃ ရက်နေ့ကပဲ နေပြည်တော်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံပြီး တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုးဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်သံအမတ်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံတဲ့ အဲဒီနေ့မှာပဲ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်း ကုန်တင်ကားဝင်းထဲကို လက်နက်ကြီးကျပြီး မီးလောင်ခဲ့တာကြောင့် ကားအစီးရေ တစ်ရာကျော် ပျက်စီးခဲ့ပါတယ်။

အဲဒီလက်နက်ကြီးဟာ MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့တွေ ပစ်ခတ်တာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားပေမဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ သူတို့ရဲ့ စစ်ရေးပစ်မှတ်နေရာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။