လွိုင်ကော်မှာ ရိတ်သိမ်းပြီးစပါးတွေ နယ်ကျော် သယ်ခွင့်မရ

လွိုင်ကော်မြို့နယ်မှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး ရိတ်သိမ်းထားပြီးသား စပါးတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးအရ ဂိတ်တွေကနေ မြို့နယ်ဖြတ်ကျော် သယ်ယူခွင့်ကို တားမြစ်ထားပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး ရိတ်သိမ်းထားပြီးသား စပါးတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးအရ ဂိတ်တွေကနေ မြို့နယ်ဖြတ်ကျော် သယ်ယူခွင့်ကို တားမြစ်ထားတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လွိုင်ကော်မြို့နယ်ထဲက ရိတ်သိမ်းထားတဲ့ စပါးတွေကို ဒီးမော့ဆိုမြို့နယ်ကို သယ်ယူချိန် တားမြစ်ခံရတာတွေ ရှိနေတာပါ။

ကာကွယ်ရေးတပ်ဖွဲ့တွေကို ရိက္ခာထောက်ပံ့မယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသအာဏာပိုင်တွေက တားမြစ်ထားတာလို့ လွိုင်ကော်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကကတော့ KNDF ကိုထောက်ပံ့မယ်ဆိုပြီး ယူဆပုံရတယ်။ အဲဒါကြောင့် ဆန်စပါးတွေကို သယ်ခွင့်မပေးတော့တာပါ။ လည်ပတ်နေတဲ့ ဆန်စက်အများစုကလည်း ဒီးမော့ဆိုမှာ များတယ်။ ဒါကြောင့် ကြိတ်ခွဲဖို့အတွက် အဲဒီဘက်ကိုသယ်တော့ စစ်တပ်ဂိတ်တွေက ပေးမသယ်တာပေါ့”

ဒီ့အပြင် တောင်သူတွေကို စပါးရိတ်ချိန်အဖြစ် မနက် ၇ နာရီကနေ နေည ၃ နာရီအထိ အာဏာပိုင်တွေက သတ်မှတ်ပေးထားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဆန်စပါးစိုက်ပျိုးနေကြသူတွေအထဲမှာ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ပြီး အများစုက စိုက်ပျိုးစရိတ်တွေကို ချေးငှားပြီး စိုက်ပျိုးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း လေးရာကျော် (၄၂၀) နဲ့ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါးရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org