ရေဘေးသင့် လွိုင်ကော်ဒေသခံ တစ်ထောင့်ငါးရာခန့် အကူအညီလိုအပ်

မိုးဗြဲဆည်အောက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေကောင်းရေသန့်ရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

ရေဘေးကြုံတွေ့နေရသည့် မိုးဗြဲမြို့နယ်က နေအိမ်တစ်လုံးကို တွေ့ရစဉ်။ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

ကယားပြည်နယ်မှာ မိုးဗြဲဆည်ဖောက်ချပြီးနောက် လွိုင်ကော်မြို့နယ် ရွာသုံးရွာနဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရေနစ်မြုပ်ကာ လူဦးရေ တစ်ထောင့်ငါးရာခန့် ရေဘေးသင့်ပြီး ရေသန့်နဲ့ အမိုးအကာအတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။

မိုးဗြဲဆည်အောက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေကောင်းရေသန့်ရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

"အဓိက အခုလောလောဆယ် ရေကောင်းရေသန့်ပေါ့နော်။ နောက်ပြီးအမိုးအကာအတွက်ပေါ့။ အခုဆက်တိုက်လည်း မိုးရွာနေတယ်ပေါ့နော်။ အမိုးအကာအတွက် လိုအပ်ချက်ရှိနေတယ်ပေါ့။"

ရေတက်လာပြီးနောက် မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် စပါးခင်းတစ်ထောင်ကျော်လည်း ရေကြီးနစ်မြုပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်က ဇူလိုင်လ ၂၅ ရက်နေ့က မိုးဗြဲရေကာတာ ရေတံခါးကို ဖွင့်ချခဲ့ရာမှာ ဘီလူးချောင်းရေမှာ ၈ ပေအထိ မြင့်တက်ခဲ့တာပါ။

လွိုင်ကော်မြို့နဲ့ အနီးတဝိုက် ဘီလူးချောင်း ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ဒေသခံတွေ အထူးသတိပြုကြဖို့နဲ့ လိုအပ်ရင် ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင်လ ၂၅ ရက်နေ့စွဲနဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org