လွိုင်ကော်မှာ အိမ်သာကျင်းထဲ သတ်ဖြတ်ခံထားရတဲ့ လူခြောက်ဦး အလောင်းတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်အစွန်းနဲ့ ရေယိုရွာထောင့်က အိမ်သာကျင်းဟောင်း တစ်ခုထဲမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သားခြောက်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက (PKPF) က ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်းက စစ်ကောင်စီတပ်သားတွေ နာနတ်တော ရပ်ကွက်ထဲ မွှေနှောက် ရှာဖွေချိန် အရပ်သား အချို့ ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ PKPF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်တွေက စစ်တပ်တွေ နာနတ်တောကို ဝင်မွှေတာရှိတယ်။ လူတွေ ဖမ်းဆီး သွားတာလည်းရှိတယ်။ ဘယ်သူဘယ်ဝါ ဖမ်းခံရလဲဆိုတာ တိကျတော့ မသိရသေးဘူး"

ဒါပေမဲ့ ဒီနေ့တွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို ရှင်းရှင်းလင်း မသိရသေးပါဘူး။

ရုပ်အလာင်းတွေကို လူမှုအသင်းအဖွဲ့တစ်ခုက သယ်ထုတ်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေလို့ လွိုင်ကော်မြို့ ၄ မိုင် သုသာန်မှာ မြန်မြန် ဆန်ဆန် သင်္ဂြိုဟ်ခဲ့ရတယ်လို့ အဲဒီအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း လွိုင်ကော်မြို့မှာ တိုက်ပွဲတွေရပ်တန့်နေပြီး စစ်ကောင်စီ တပ်သားတွေကတော့ နာနတ်တောရပ်ကွက်နဲ့ ဘာဒိုရွာဘက်တွေမှာ ရှာဖွေ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ကယားပြည်နယ်မှာ သေဆုံးတဲ့အရပ်သား ၁၉၈ ဦးထက်မနည်းရှိနေပြီး အဲဒီအထဲက ၂၆ ဦးဟာ အခု ဇန်နဝါရီလမှာ သေဆုံးခဲ့ရတာလို့ ကရင်နီလူမှုအသင်း အဖွဲ့များကွန်ယက်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။