မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြရွာက ဒေသခံတချို့ ဖမ်းဆီးခံရ

2022.10.01
မြင်းခြံမြို့နယ် ပျော်ဘွယ်စံပြရွာက ဒေသခံတချို့ ဖမ်းဆီးခံရ ပျော်ဘွယ်စံပြရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သိမ်းဆည်းခဲ့သည့် သေနတ်ခုနစ်လက်အား တွေ့ရစဉ်။
Photo: Natogyi PDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြရွာက ဒေသခံတချို့ကို စစ်ကောင်စီတပ်သား တွေက စက်တင်ဘာလ ၂၉ ရက်ကတည်းက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းက ပျော်ဘွယ်စံပြရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်ခုနစ်လက် သိမ်းဆည်းခဲ့ ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတာပါ။ ဖမ်းဆီးခံရတဲ့ အရပ်သားအရေအတွက်ကို မသိရသေးဘူးလို့ မြင်းခြံမြို့နယ် ဒေသခံတစ်ဦး က ပြောပါတယ်။

"ဖမ်းတယ်လို့ အတည်ပြုလို့ရတာက ပစ်ခတ်ပြီးတဲ့နေ့ ညက အုပ်ကြီးအိမ်နားက ကွမ်းယာဆိုင် နှစ်ဆိုင်က နှစ်ယောက်ရယ်၊ ရွာပရဟိတအဖွဲ့က သုံးယောက်ရယ်။ လမ်းဖြတ်သွားတဲ့သူတွေကို ကျောင်းရှေ့ကဖမ်းပြီး ထည့်ထားတယ်။ မိန်းမတွေ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်"

ဒေသခံတွေရဲ့ ဖုန်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေက သိမ်းဆည်းထားတယ်လို့ လည်း မြင်းခြံဒေသခံက ပြောပါတယ်။

လက်ရှိမှာ ရွာထဲကဒေသခံတွေနဲ့ အဆက်အသွယ် မရရှိသေးသလို ဖမ်းဆီးခံထားရသူ အရေအတွက်ကိုလည်း RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ယခုနှစ် ဇူလိူင် ၂၉ ရက်ကလည်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကို PDF တွေ ဝင်ရောက်စီးနင်း ခဲ့ပြီး ကာဘိုင် ၁ လက်၊ 12 Bore Slide Action Shotgun ၁ လက်နဲ့ 12 Bore Shotgun ကျည်အတောင့် ၂၀ တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။