တံတားဦးမှာလည်း ရေကြီးလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေ

မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုး အဆက်မပြတ်ရွာပြီး မြစ်ရေချောင်းရေ လျှံတာတွေနဲ့ အာဏာပိုင်တွေက ဆည်ရေ ဖောက်ချတာတွေကြောင့် မန္တလေးတိုင်း မြို့ရွာတချို့မှာ ခုချိန်အထိ ရေကြီးနေပြီး အကူအညီ တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0:00 / 0:00

မန္တလေးခရိုင်အတွင်းမှာ ဆည်တော်ကြီး ရေလှောင်ကန်ကနေ အာဏာပိုင်တွေက ရေဖောက်ချပြီး နောက်ပိုင်း မန္တလေးနဲ့ မတ္တရာမြို့တွေမှာ ရေကြီးလာသလို တံတားဦးမြို့မှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။

အခုအချိန်အထိ ရေ ပြန်ကျမသွားတဲ့အပြင် အခုရက်ပိုင်းအတွင်း မြစ်ရေချောင်းရေ လျှံလာတာကြောင့် အခြေအနေ ပိုဆိုးလာတယ်လို့ တံတားဦး ဒေသခံတယောက်က အာရ်အက်ဖ်အေကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ လောက်ကနေ စတင် ရေကြီးလာကတည်းက ရေကြောင့် ဒုက္ခရောက်နေတဲ့သူ တွေကို သက်ဆိုင်ရာနဲ့ တခြား ဘယ်အဖွဲ့ကမှ အကူအညီပေးတာ အခုအချိန်အထိ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ စားဝတ်နေရေး အခက်အခဲ ဖြစ်ကြရသလို ရာသီအမှီ ဈေးကွက်ဝင် စိုက်ပျိုးထားတဲ့ ပဲမြစ်ခင်းတွေလည်း အားလုံး ရေဖုံးလွှမ်းသွားတယ်လို့ ပြောပါတယ်။ တံတားဦးမြို့မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပေမယ့် အခုလောက် အခြေအနေ မဆိုးဘူးလို့ သိရပါတယ်။

တံတားဦးမြို့နယ်အတွင်း ရေဘေးဒဏ် သင့်နေတဲ့အကြောင်း အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက်က သတင်း ပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။