အစီရင်ခံစာကို မကျေနပ်တဲ့အတွက် ဒေသခံတွေ ဆန္ဒပြ
2013.03.13
မနေ့က လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာပါ အချက်တွေကို မကျေနပ်ကြတဲ့ လက်ပန်းတောင်းတောင်ဒေသခံတွေဟာ ဒီကနေ့ မတ်လ ၁၃ ရက် နေ့လည်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ တုံရွာထိပ်ကနေ မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ လက်ပန်းတောင်းတောင်ဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး၊ မီးလောင်ဗုံးသုံးတဲ့ တရားခံတွေကို အရေးယူဆောင်ရွက်ပေးရေး၊ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာပေးရေး၊ ပုဒ်မ ၁၄၄ ကို အမြန်ဆုံးပယ်ဖျက်ပေးရေးနဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အလိုမရှိ ဆိုတဲ့ အချက် ၅ ချက်ပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ကထုတ်ပြန်လိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင်စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့်ပါကြောင်း၊ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ မီးစုန်းဓာတ် (ဖော့စ်ဖရပ်စ်) ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့တဲ့အကြောင်း၊ ဒီလိုသုံးခဲ့တဲ့အတွက် ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ်အချို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဒီကနေ့ဆန္ဒပြသူတွေထဲက တုန်ရွာသူ မအေးအေးခိုင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကြေးနီစီမံကိန်းဒေသ ကံကုန်းကျေးရွာသူ ဒေါ်စိမ်းညွှန့်ကို RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းချက် နားဆင်နိုင်ပါတယ်။