ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေအတွက် သရုပ်ဖော်အနုပညာ ပြသလှုပ်ရှား


2013.06.08
bones-us-camping-305 ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံအတွက်ရည်ရွယ်ပြီး အရိုးပေါင်း ၁ သန်းခင်းပြတဲ့ သရုပ်ဖေါ်အနုပညာ ပြသလှုပ်ရှား မှုတစ်ခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဇွန်လ ၈ ရက်နေ့ကနေ ၁ဝ ရက်နေ့ထိ ပြုလုပ်နေစဉ်
Photo: RFA

မြန်မာနိုင်ငံအပါအဝင် ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံအတွက်ရည်ရွယ်ပြီး အရိုးပေါင်း ၁ သန်းခင်းပြတဲ့ သရုပ်ဖေါ်အနုပညာ ပြသလှုပ်ရှားမှု တစ်ခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ အခု ၈ ရက်နေ့ကနေ ၁ဝ ရက်နေ့ ထိ ပြုလုပ်နေပါတယ်။

စစ်ကြောင့် လူတွေအမြောက်အများ သေကြေ ပျက်စီးနေရတာတွေရပ်တန့်ဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုကို နာအိုမိ နာထလေဆိုတဲ့ အနုပညာရှင်တစ်ယောက်က လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် ကနေစပြီး နှစ်စဉ်ပြုလုပ်နေတာပါ။

အခုနှစ်လှုပ်ရှားမှုမှာ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ခဲ့တဲ့ မော်ဒန်ကဗျာဆရာ ခင်အောင်အေးက ဒါနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"ဒီပွဲရဲ့ရည်ရွယ်ချက်က ကမ္ဘာမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုတော့ ရည်ရွယ်ချက်လည်း ကောင်းတယ်ဆိုပြီးတော့ ကျွန်တော်လည်း အနုပညာကို စိတ်ဝင်စားတဲ့ လူတစ်ယောက်အနေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တဲ့ စိတ်တွေပေါ်လာတယ်၊ အဲ့ဒါနဲ့ အဲ့ပွဲကို သွားဖြစ်သွားတာပေါ့၊ နောက်တစ်ခုက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ မြန်မာကဗျာဆရာ ၁၅ ယောက်ရဲ့ ကဗျာစာအုပ်နာမည်ကိုက Bond and crow ဆိုတဲ့ နာမည်နဲ့ ထွက်ထားတာဆိုတော့ ဒီဟာနဲ့ သွားဆက်စပ်နေတော့ အဲ့ဒါနဲ့ပဲ ဒီပွဲကိုဆင်နွဲဖို့ ဆုံးဖြတ်ချက်ချမိသွားတာပေါ့နော်"

ဒီနှစ်လှုပ်ရှားမှုအတွက် ရည်ရွယ်တဲ့နိုင်ငံတွေကတော့ မြန်မာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂိုနဲ့ ဆိုမားလီးယားနိုင်ငံတွေ ဖြစ်ပါတယ်။

လူအရိုးတွေနဲ့ တူအောင်ပြုလုပ်ထားတဲ့ အရိုးတုပေါင်း ၁ သန်းကျော်ကို အမေရိကန်လွှတ်တော် အဆောက်အဦးအရှေ့ဘက်နား မြက်ခင်းပြင်မှာ ခင်းပြတာဖြစ်ပြီး၊ ပါဝင်သူတွေအနေနဲ့ အဖြူရောင်ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီအရိုးတစ်သန်း ခင်းကျင်းပြသတဲ့ လှုပ်ရှားမှုအကြောင်းနဲ့ ပတ်သက်လို့ ပါဝင်ခဲ့တဲ့ မော်ဒန်ကဗျာဆရာ ကိုခင်အောင်အေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။