ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယ အသင်းဖွဲ့စည်း

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း ပထမဆုံး တက္ကသိုလ်ကျောင်းသား သဟာယ အသင်းအဖြစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယ အသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းသား (၂၀) ကျော်နဲ့ စတင် ဖွဲ့စည်းလိုက်တယ်လို့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားတယ်။

"ဒီစာပေ သဟာယအသင်းကို ဘာကြောင့်ဖွဲ့စည်းသလဲဆိုတော့ ဒီစာပေ သဟာယအသင်းဟာ သမိုင်းမှာလည်း အစဉ်အလာကြီးမားတယ်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေ ကြားမှာလည်း အရမ်းလိုအပ်တဲ့ အသင်းဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က သဟာာရဲ့ အစဉ်အလာ မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ အနေနဲ့ရော ကျောင်းသားတွေရဲ့ စာပေ စိတ်ဓာတ် နိုးကြားမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ရော ကျွန်တော်တို့ ဒီစာပေသဟာရ အသင်းကို ပြန်လည် ဖွဲ့စည်းရတာပါ ခင်ဗျ"

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် စာပေ သဟာယအသင်း ဖွဲ့စည်းနိုင်ရေးအတွက် အခုနှစ်ဆန်းပိုင်းက ကျောင်းသား (၁၀၀) ကျော် သဘောတူ လက်မှတ်ရေးထိုးပြီး စတင် ကြိုးပမ်းခဲ့ကြရာမှာ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဦးဆောင် လှုပ်ရှားသူ ကျောင်းသား (၅) ဦးကို ခေါ်ယူတွေ့ဆုံပြီး ကျောင်းထုတ် အရေးယူ ထောင်ချခံရမှာဖြစ်ကြောင်း သတိပေး ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖွဲ့စည်းရေးကိစ္စ လအတန်ကြာ နှောင့်နှေးခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယအသင်း အနေနဲ့ မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးမှာ စာပေသဟာယအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကူညီ လုပ်ဆောင်သွားမှာဖြစ်ပြီး လွှတ်တော်က တက္ကသိုလ် ဥပဒေအသစ် စတင်ပြဋ္ဌာန်းတဲ့နေ့မှာ တရားဝင် ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း စာပေသဟာယ အသင်းခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org