လီဆူ ၂၁ ဦး ဖမ်းဆီးခံရမှု လီဆူပါတီ ကြေညာချက်ထုတ် ကန့်ကွက်
2018.02.05

ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားနှစ်စင်းကို ကေအိုင်အေက ဖျက်ဆီးတာနဲ့ လီဆူတိုင်းရင်းသား ၂၁ ယောက်ကို အဓမ္မဖမ်းဆီးသွားတာကို ကန့်ကွက်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဒီကနေ့ညနေမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးဆီဖာလာလူးက RFA ကို အခုလို ပြောပါတယ်။
"ဆွမ်ပရာဘွမ်နဲ့ ပူတာအို သွားတဲ့လမ်းမပေါ်မှာရှိတဲ့ တံတားနှစ်စင်းကို KIA က မိုင်းထောင် ဖျက်ဆီးလိုက်တဲ့ အတွက် ပူတာအိုက ကျနော်တို့လူမျိုးနဲ့ တခြားသော တိုင်းရင်းသားတွေ အားလုံးရဲ့ စားဝတ်နေရေးတွေ တော်တော်လေး ကျပ်တည်းသွားတယ်၊ ကုန်ဈေးနှုန်းတွေ တော်တော်လေးမြင့်တက်သွားတယ်၊ လူမှုဘဝတွေ တော်တော်လေး ဒုက္ခရောက်သွားတယ်၊ ဆွမ်ပရာဘွမ်နားမှာပဲ ကျနော်တို့ လီဆူ ၁၉ ဦးကို ဖမ်းသွားတယ်၊ မေခမြစ်ကြောင်းက လီဆူ ၂ ဦးနဲ့ တခြားတိုင်းရင်းသားအများကြီးကို ဖမ်းသွားတယ်၊ အဲအတွက် ကျနော်တို့ ကန့်ကွက်ရှုတ်ချတယ်"
အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်း ထားပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေ တို့ရဲ့ ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒေသခံတိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။