ပြည်တွင်းစစ် ရပ်တန့်ဖို့ လီဆူပါတီ တိုက်တွန်း

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ် ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရုံးဖွင့်ပွဲကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ဖို့ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပါတီရုံးခန်းဖွင့်ပွဲမှာ သဘောထားကြေညာချက် တစ်စောင်ကို ဝိုင်းမော်မြို့နယ် LNDP ပါတီဥက္ကဋ္ဌ ဦးအလေးဖါးဖါးက ဖတ်ကြားသွားခဲ့ပါတယ်။

"မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ နစ်နာစာနာမှု ကို ထောက်ထားပြီး အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကာ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်"

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အဲဒီ့ကြေညာချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားညီအကိုအချင်းချင်း တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်နေမှုတွေကို အမြန်ဆုံးရပ်စဲပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးနေကြပေမယ့် ညှိနှိုင်းလို့မရသေးတဲ့အချက်တွေ ကျန်ရှိနေသေးကြောင်း စသဖြင့်ဖေါ်ပြထားပါတယ်။

LNDP ပါတီရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်အတွင်းက ရှမ်း၊ ကချင်စတဲ့
တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး သဝဏ်လွှာတွေလည်း ပေးပို့ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က တရားဝင်ပါတီ တည်ထောင်ခွင့်ရခဲ့တဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဟာ လီဆူတိုင်းရင်းသား အများစုနေထိုင်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီး စတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီး ၆ခုမှာ ပါတီရုံးရုံးခွဲ ၁ဝ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org