တောင်သူအမှုတွေ ရုပ်သိမ်းဖို့ အစိုးရကို တင်ပြမယ်


2016.05.31
sintkuu-farmers-620.jpg မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် တရော်ပင်ကျေးရွာမှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲစဉ်
Photo: Nay Thwae/RFA

ပြည်ထောင်စုအစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းမှာ တရားရင်ဆိုင်နေရတဲ့ တောင်သူတွေရဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ မန္တလေးတိုင်းအတွင်းက တောင်သူ ၅၀၀ ကျော်က လက်မှတ်ရေးထိုးပြီး အစိုးရထံ တင်ပြဖို့ ပြင်ဆင်နေပါတယ်။

တရားရင်ဆိုင်နေရတဲ့အတွက် အလုပ်အကိုင်တွေပျက်ပြီး ဒုက္ခရောက်နေတာကြောင့် အမှုတွေကို ရုပ်သိမ်းပေး ဖို့ တောင်းဆိုမှာဖြစ်တယ်လို့ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့က ဦးအေးသိန်း က ပြောပါတယ်။

"သူတို့ရဲ့ဘိုးဘွားပိုင်လယ်ယာမြေတွေကို လုပ်ကိုင်စားသောက်နေတာကို မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်တွေမှာ သိမ်းဆည်းခံရတယ်၊ အဲ့ဒါတွေကို တောင်သူတွေက ပြန်လည်ထွန်ယက် စိုက်ပျိုးနေတော့ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတယ်လေ၊ တောကနေ မြို့ကိုသွားပြီးတော့ အမှုရင်ဆိုင်ရတယ်၊ ပိုက်ဆံတွေကုန်တယ်၊ အဆင်မပြေတဲ့ကြားကပဲ၊ အဲ့တော့အလုပ်အကိုင်တွေ ပျက်တယ်"

အမှုရင်ဆိုင်နေရတဲ့ တောင်သူ ၅၀၀ ကျော်ဟာ မန္တလေးတိုင်း မတ္တရာ၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ မြစ်သား၊ ပြင်ဦးလွင် စတဲ့ မြို့နယ်တွေက ဖြစ်ပါတယ်။


မန္တလေးတိုင်းအတွင်းက တောင်သူတွေဟာ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆၁၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့နဲ့ စွဲဆိုခံထားရတာဖြစ်တယ်လို့ ဦးအေးသိန်း က ပြောပါတယ်။

တောင်းဆိုစာကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ထံ ဇွန်လ ပထမအပတ် အတွင်း ပေးပို့မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။