ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်အောင် မြန်မာအစိုးရကို တိုက်တွန်းမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော


2019.07.05
li-keqiang-sheikh-hasina-622.jpg တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ၂၀၁၉ ဇူလိုင် ၄ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Mark Schiefelbein / POOL / AFP

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။

Li Keqiang ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့အဖွဲ့နဲ့ ဇူလိုင်လ ၄ ရက်နေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရ်ှ ဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးကိစ္စကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒီပြဿနာဟာ အချိန်နဲ့အမျှ ပိုပြီးကြီးထွားလာကြောင်းနဲ့ ဒုက္ခသည်တွေကို အလျှင်အမြန် ပြန်ပို့ခြင်းဟာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း လက်ရှိဒုက္ခသည်တွေအနေနဲ့ နေရပ်ကိုပြန်ဖို့ ကြောက်ရွံ့နေပြီး သူတို့အနေနဲ့ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာနဲ့ ပြန်နိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးဖို့ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်းလည်း ထောက်ပြခဲ့တယ်လို့ သတင်းမှာရေးသားထားပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang က ရိုဟင်ဂျာအရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်တယ်ဆိုတာ လက်ခံပြီး၊ ပြဿနာကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အစိုးရတို့ နှစ်ဦးနှစ်ဘက် ပူးပေါင်းဖြေရှင်းရမှာဖြစ်ကြောင်းနဲ့ လိုအပ်ရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ပြီး နှစ်နိုင်ငံအတူ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တရုတ်က ဆန်တန်ချိန် ၂၅၀၀ ထောက်ပံ့ဖို့အချက်လည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသံရုံးကိုရော ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်လို့မရခဲ့ပါဘူး။

(RFA သတင်းထောက် ကိုရဲတိုက် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။