လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အလယ်တန်းကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက် မနေ့က ပြင်းပြန်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စက်တင်ဘာ ၁၆ ရက်က တစ်နာရီကြာ လေကြောင်းတိုက်ခိုက်မှု အတွင်း ကလေးငယ် ၁၁ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်အတွက် အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရ တယ်လို့ အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ထုတ်ပြန်ချက် ထဲမှာ ပြောဆိုခဲ့ပါတယ်။
စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်တာဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှုခြောက်ခုထဲက တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ၊ အရပ်ဘက်ဆိုင်ရာ ပစ္စည်း၊ အဆောက်အအုံတွေကို တိုက်ခိုက်ခြင်း မပြုဖို့နဲ့ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူအားလုံးကို တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရမယ်လို့လည်း ပြောဆိုပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာက နေဒါသံရုံးကလည်း စစ်ကောင်စီရဲ့ ဒီတိုက်ခိုက်မှုအပေါ် ရှုတ်ချသလို နိုင်ငံတကာဥပဒေချိုးဖောက်တဲ့ စစ်ကောင်စီတပ်ဟာ သူလုပ်ခဲ့တာတွေ အတွက် တာဝန်ယူစေဖို့ ဆောင်ရွက်မယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ ပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေရှိတယ်လို့ သတင်းရရှိ တာကြောင့် လက်ယက်ကုန်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ စက်တင် ဘာလ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၂၂၆၁ ဦး သေဆုံးခဲ့ ပါတယ်။