လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ စတင်
2012.10.18
အဲဒီညီလာခံမှာ အဖွဲ့အစည်း (၄၀) ကျော် အပါအဝင် လယ်မြေသိမ်းခံထားရတဲ့ ကျေးရွာ(၂၆) ရွာက ဒေသခံ (၂၀၀၀) ကျော် တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညီလာခံကို နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး၊ ပထမပိုင်းမှာ ညီလာခံကို တက်ရောက်လာတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA)၊ ကယန်းပြည်သစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ ကိုးကန့် ဒီမိုကရက်တစ်ပါတီ စတဲ့အဖွဲ့ပေါင်း ၄၀ ရဲ့သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။
ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေသူ ကိုဟန်ဝင်းအောင်က RFA ကို အခုလို ပြောပါတယ်။
"အခြေခံအကျဆုံး ဖြစ်တဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့ ပကတိအတိုင်း ခံစားနေရတဲ့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖော်ထုတ်နိုင်ဖို့ ဒီအခမ်းအနားကို စီစဉ်ရခြင်း ဖြစ်တယ်။ လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသားရေးရာ ဆိုင်ရာ ပြဿနာတွေကို ဆုံးဖြတ်ချက်တွေကို ညီလာခံ ဆုံးဖြတ်ချက် မှတ်တမ်းများအဖြစ် ပြည်သူများကို အသိပေးပြီးတော့ ထုတ်ပြန်သွားမယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ကျွန်တော်တို့ အသိပေး အကြောင်းကြားသွားမယ်။"
ညီလာခံ ဒုတိယပိုင်းမှာ လက်ပံတောင်းဒေသရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဆည်တဲရွာက ဆရာတော် ဦးသြသဓက အဆိုတင်သွင်းခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ပြည်ထောင်စု တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) ကိုယ်စားလှယ် ဦးသာဘန်းက အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။