လက်ပံတန်းဒေသခံနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တွေ ချမှတ်
2023.04.28

ပဲခူးတိုင်း (အနောက်ပိုင်း)၊ လက်ပံတန်းမြို့ခံတွေဖြစ်တဲ့ ကိုပြည့်ဖြိုးဦးနဲ့ ကိုကောင်းခန့်ဖြိုး တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ မနေ့က သာယာဝတီထောင်တွင်း အထူးတရားရုံးတစ်ခု ကနေ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ လက်ပံတန်းဒေသခံတွေက RFA ကို ပြောပါတယ်။
သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုပြည့်ဖြိုးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) /၅၄ နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ကိုကောင်းခန့်ဖြိုးကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ အဖမ်းခံရပြီး ခုနစ်လအကြာ မနေ့က သာယာဝတီထောင်တွင်း အထူးတရားရုံး တစ်ခုကနေ အခုလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ပံတန်း မြို့ခံတစ်ဦးက ပြောပါတယ်။
"သေချာတာတစ်ခုကတော့ မတရားခံရတာပဲ။ ဘာမှ လက်ဝယ်မတွေ့မရှိဘဲ ဖမ်းသွား ကြတာပါ။ မနေ့က ကျန်တဲ့ နှစ်ယောက်ကို သာယာဝတီထောင်တွင်းတရားရုံးမှာ အမိန့်ချတာပါ"
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က လက်ပံတန်းမြို့မှာနေတဲ့ ကိုအောင် ဇော်မင်း၊ ကိုပြည့်ဖြိုးဦး၊ ကိုကောင်းခန့်ဖြိုးနဲ့ ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က NUG၊ PDF ကို အားပေးထောက်ခံ လို့ဆိုကာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီငါးဦးထဲက ဇနီးမောင်နှံနှစ်ဦးကို နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကိုအောင်ဇော်မင်းကတော့ စစ်ကြောရေးမှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ သာယာဝတီ ဆေးရုံကြီးမှာပဲ သေဆုံးသွားခဲ့ပါတယ်။
လက်ပံတန်းမြို့မှာ စစ်ကောင်စီက NUG/PDF ကို အားပေးထောက်ခံတယ်ဟုဆိုကာ Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေနဲ့ ဇနီးဖြစ်သူ မဝေဝေလွင်၊ ဖြူစင် လူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဝင်းမင်းစိုး၊ လက်ပံတန်းကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးနဲ့ အစ်ကိုဖြစ်သူ ကိုဝဠာစိုး အပါအဝင် စုစုပေါင်း ၂၀ ဦးခန့်ကို ဖမ်းဆီးထောင်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၅၆၈၉ ဦး ရှိနေပြီလို့ ဖော်ပြ ထားပါတယ်။