လက်ပံတောင်းက ကြေးနီသယ်ယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ

လက်ပံတောင်းက ကြေးနီသယ်ယာဉ်တန်းကို မေ ၁၆ ရက်က မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကြေးနီသယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Screenshot Video: Northwest Plains Revolutionary Forces-NPRF

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို မေလ ၁၆ ရက်နေ့က မုံရွာ-မန္တလေး ကားလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကြေးနီသယ်ယာဉ်ငါးစီးနဲ့ လုံခြုံရေးယူပေးတဲ့ ကားနှစ်စီးပါ ယာဉ်တန်းကို မုံရွာ-ချောင်းဦး ကားလမ်းတစ်နေရာမှာ မိုင်းဆွဲတာအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူ ကိုဝေလင်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ပစ်ခတ်တိုက်တိုက်ခဲ့တဲ့ ယာဥ်တန်းက ချောင်းဦးမြို့မှာ နားသွားတာဖြစ်တဲ့အတွက် ချောင်းဦးမြို့မှာရှိတဲ့ စစ်ရေးသတင်းရင်းအမြစ်ကနေတစ်ဆင့် ၁၂ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရ တယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့ ၁၀ယောက်ကိုလည်း ချောင်းဦးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သတင်းအတိအကျ ရထားတာပေါ့”

မနေ့က ကြေးနီသယ်လာတဲ့ အဲဒီယာဉ်တန်းကို မုံရွာ-မန္တလေး ကားလမ်းပိုင်းက နေရာသုံးခုထက်မနည်းမှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်လိုတာကြောင့် တိုက်ခိုက်ရတာလို့ သူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မေလ ၁ ရက်နေ့က အဲဒီစီမံကိန်းထဲကနေ ကြေးနီတန်ချိန် ၅၄၀ နီးပါး သယ်ဆောင်လာတဲ့ ကား ၁၆ စီးပါတဲ့ ယာဥ်တန်းတိုက်ခိုက်ခံရလို့ ကားနှစ်စီးတိမ်းမှောက်ပြီး တရုတ်နိုင်ငံသားတစ်ဦးနဲ့ ယာဥ်မောင်း တစ်ဦးတို့ ဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မေလ ၁၀ ရက်နေ့ကလည်း ကြေးနီသယ်ယာဉ်တန်းထပ်မံတိုက်ခိုက်ခံရတာကြောင့် ဒီလထဲမှာတင် ကြေးနီသယ်ယာဉ်တွေ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရတာပါ။ စစ်ကောင်စီကတော့ ကြေးနီသယ်ယာဉ်တွေ သွားလာရေးအတွက် မုံရွာ-မန္တလေးကားလမ်းပိုင်းတစ်လျှောက် အရင်ထက် လုံခြုံရေးပိုတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

မေလ ၁ ရက်နေ့ကနေ ဒီကနေ့ မေလ ၁၇ ရက်နေ့အထိ လက်ပံတောင်းက ကြေးနီတွေကို ကားလမ်းအတိုင်း မန္တလေးကို သယ်ယူနေတာ ငါးကြိမ်ထက်မနည်းရှိနေပြီလို့ မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စောစောတုန်းကတော့ ရေကြောင်းနဲ့သယ်တာများတယ်။ ၅ လပိုင်းအတွင်းမှာ ဖြတ်သန်းမှုအများဆုံးပဲ။ ငါးခေါက်က အနည်းဆုံးပဲ။ အခေါက်တိုင်းလိုလိုပဲ မိုင်းဆွဲခံရတာ။ စစ်တပ်ရိက္ခာလမ်းကြောင်းထက်ကို ကြေးနီကားသယ်ဆောင်တဲ့ကားကို အဓိကထားပြီး လုံခြုံရေးတင်းကျပ်ထားတာ။ တရုတ်ရဲ့ ပစ္စည်းပဲလေ။ တရုတ်ကာကွယ်တဲ့ ပုံစံမျိုးပါပဲ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အခုမေလဆန်းပိုင်းမှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေရှိတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီ ကုမ္ပဏီ လုပ်ငန်းခွင်ထဲကို တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့ကတော့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကြေးနီသတ္တုတွင်းစီမံကိန်းတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ဆိုပြီး ဒေသတွင်းသပိတ်အင်အားစု (၄၄) ဖွဲ့က သဘောထားထုတ်ပြန် တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org