အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာကို လက်မခံသင့်ခဲ့ကြောင်း လီကွမ်ယူ ပြောခဲ့
စင်ကာပူနိုင်ငံ အမေရိကန်သံရုံးက သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းမှာ အရှေ့တောင် အာရှ နိုင်ငံ များအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို အဖွဲ့ဝင် တွေအဖြစ် ဝင်ခွင့်မပေးခဲ့သင့်ဘူးလို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောကြားခဲ့ကြောင်း WikiLeaks အင်တာနက်သတင်းက ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဒဟူးနေ့က ဖော်ပြပါတယ်။
-
2010-12-17 -
-
-
၂၀၀၇ ခုနှစ်အတွင်းကျင်းပတဲ့ အစည်းအဝေးတခုမှာ လီကွမ်ယူနဲ့ အမေရိကန်သံအမတ် Ms Patricia Herbold တို့ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။
မူလ အာဆီယံ အဖွဲ့ဝင်တွေဟာ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်တဲ့ ခံစားချက်တွေနဲ့ ဘုံတန်ဖိုးတွေ ရှိကြတဲ့အကြောင်း၊ ဒီတန်ဖိုးတွေဟာ အဖွဲ့ဝင်နိုင်ငံတချို့ကြောင့် ညစ်နွမ်းရကြောင်း၊ အဲဒီနိုင်ငံတွေ မှာ စီးပွားရေး လူမှုရေး ပြဿနာတွေရှိတဲ့ အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံဟောင်းတွေလို ဆောင်ရွက် ပြုမူနိုင်ပါ့မလားဆိုတာ သံသယပွားမိရတဲ့အကြောင်း လီကွမ်ယူက ပြောဆိုတယ်လို့ ဆိုပါတယ်။
ဒီကြေးနန်းကို သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နိုင်ငံနဲ့ အမေရိကန်သံရုံးတွေနဲ့ အမေရိကန် ပြည်ထောင်စုကို ပေးပို့ခဲ့တဲ့အတွက် ဒါဟာ အတင်းအဖျင်းသက်သက်လည်း မဟုတ်၊ အရက်ဝိုင်းမှာ ပြောတဲ့ စကားလည်း မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပတ်သက်ပြီး လီကွမ်ယူရဲ့ ဝေဖန်ပြောဆိုချက်တွေကို WikiLeaks အင်တာနက်သတင်းက ဖွင့်ချခဲ့ပြီးတဲ့နောက် မလေးရှားအစိုးရက စင်ကာပူသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
ဒီပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူှ ဆီကတော့ တစုံတရာ ပြောဆိုချက် ထွက်ပေါ်မလာသေးပါဘူး။