မြစ်ဆုံစီမံကိန်းမှာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ခဲ့ရင် ဒီမိုကရေစီခရီးလမ်း ပျက်စီးနိုင်
2019.04.01

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး မြစ်ဆုံစီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီခရီးလမ်း ပျက်စီးနိုင်ကြောင်း၊ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို မလုပ်ဖို့ လိုအပ်ကြောင်း ပညာရှင်တွေပါဝင်တဲ့ "မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ" အစည်းအဝေးကနေ တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းမှာ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေး ကျင်းပခဲ့တာပါ။
မြစ်ဆုံစီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မယ်ဆိုရင် အနာဂတ်မှာ မမျှော်လင့်နိုင်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အပြင် စည်းလုံးမှုတွေလည်း ပျက်ပြားသွားလိမ့်မယ်လို့ ဒေါက်တာ ထွန်းလွင်က ပြောခဲ့ပြီး မြစ်ဆုံစီမံကိန်းတင်မကပဲ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်း အားလုံးနီးပါးဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးတစ်ခုမှမရှိဘူးလို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။
အဲဒီပွဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါက်တာ ထွန်းလွင်၊ စာရေးဆရာမ ဂျူး၊ စာရေးဆရာ ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း) အပြင် ဥပဒေနဲ့ စာပေအသိုင်းအဝိုင်းက ပညာရှင်တွေက မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ ကန့်ကွက်ဟောပြောခဲ့ကြပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ ပါဝင်တဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူကို ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းလင်းပြဖို့ အစည်းအဝေးအပြီး သဘောထားကြေညာချက်မှာ ထည့်သွင်းတောင်းဆိုလိုက်ပါတယ်။
မြန်မာအစိမ်းရောင်ကွန်ရက်၊ ဧရာဝတီမြစ် ထာဝရရှင်သန်မှု ဖော်ဆောင်ရေး လှုပ်ရှားမှုကော်မတီ၊ Burma River Network၊ Save the Salween Network၊ မိတ္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်နဲ့ မြစ်ချောင်းနှင့်သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကနေ မြစ်ဆုံအပြီးတိုင်ဖျက်သိမ်းရေးကို ထောက်ခံကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး နဲ့ ကိုအောင်သိင်္ခ တို့ ပေးပို့တာပါ။