ပိတ်ဆို့မှု တိုးမြှင့်ရေး အမေရိကန်အမတ်များ တောင်းဆို

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှု ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် တယောက် ခန့်အပ်ဖို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံ စာရေးပြီး မတ်လ ၃၁ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များ၏ ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်ကာ စကားပြောဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Sen. Mitch McConnell's Office)
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များ၏ ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်ကာ စကားပြောဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Sen. Mitch McConnell's Office) (Photo: Courtesy of Sen. Mitch McConnell's Office)

ဒါ့ပြင် အထက်လွှတ်တော်အမတ်တွေက မြန်မာအစိုးရအပေါ် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ တောင်းဆိုထားပြီး မြန်မာအစိုးရအနေနဲ့ သိသာထင်ရှားတဲ့ ဒီမိုကရေစီဆိုင်ရာ ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့ အထိ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ မိမိတို့ ဆန္ဒရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ လက်မှတ်ရေးထိုး ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အခုလို အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်ထားခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲကာ ပိတ်ဆို့မှုတွေ ပိုမို ထိရောက်မှုရှိအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။

ဒီတောင်းဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ထင်ဟပ်ထားတာ ဖြစ်တယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် USBC မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်မှုအဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

အခု စာရေးသားတောင်းဆိုလိုက် အမတ် ၄ ဦးကတော့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ပါတီ လူနည်းစုခေါင်းဆောင် Mitch McConnell, ဆီးနိတ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင်နဲ့ ပြည်သူ့လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ Barbara Boxer, ဆီးနိတ် စုံစမ်း ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ Dianne Feinstein နဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mark Kirk တို့ ဖြစ်ပါတယ်။