ကျောင်းသားသပိတ် ထောက်ခံသူ နည်းပြဆရာ တရားစွဲခံရ
2015.05.19

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံခဲ့တဲ့ ပုသိမ်နည်းပညာ တက္ကသိုလ်က ကျောင်းဆရာတစ်ဦးကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မနဲ့ တရားစွဲထားပြီး တက္ကသိုလ်တာဝန်ရှိသူတွေက သူ့ကို တာဝန်ကနေ ယာယီရပ်နားထားလိုက်ပါတယ်။
တရားစွဲခံရတဲ့ အစိုးရဝန်ထမ်းတိုင်းကို တာဝန်ကနေ ယာယီရပ်နားထားရမယ်ဆိုတဲ့ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း ဥပဒေအရ သရုပ်ပြဆရာတာဝန်ကနေ ရပ်နားခံရ တာဖြစ်တယ်လို့ တရားစွဲခံထားရတဲ့ ဦးဝေယံအောင် က ပြောပါတယ်။
"လက်ပံတန်းကကျောင်းသားတွေကို အကြမ်းဖက် မခံရရေးအတွက် ကျနော်တို့ ဧရာဝတီသပိတ် စစ်ကြောင်းက လုပ်တာပေါ့နော်၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး တရားစွဲတယ်၊ ၆ ရက်နေ့မှာ ကျောင်းကနေပြီးတော့ ယာယီတာဝန်ရပ်နားတယ်လို့ ပြောသွားပါတယ်၊ ဘာပြောလဲဆိုတော့ ဝန်ထမ်းစည်းမျဉ်းဥပဒေအရ တရားစွဲခံထားရတဲ့ ဝန်ထမ်းတိုင်းကို တာဝန်ခေတ္တရပ်နား ရတယ်လို့ ပြောပါတယ်ခင်ဗျ၊ ကျနော့်အမှုကို တရားရုံးကလည်း ၂၂ ရက်နေ့ကျရင် စီရင်ချက်ချမယ်လေ၊ စီရင်ချက်ချပြီးနောက်ပိုင်းတော့ ဘာဖြစ်မလဲ မသိသေးဘူးပေါ့နော်"
ဦးဝေယံအောင်ဟာ ဧရာဝတီသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြခဲ့တာကြောင့် ပုသိမ်မြို့နယ် ရဲစခန်းက တရားစွဲထားတာဖြစ်ပါတယ်။
ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ပုသိမ်၊ ကံကြီးထောင့်၊ ကျောင်းကုန်းနဲ့ ဒေးဒရဲမြို့တွေမှာ ၁၈ ရက် ကြာ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ပုသိမ်မြို့နယ်အပြင် ကျန်တဲ့ မြို့နယ် ၉ ခုကလည်း တက္ကသိုလ်နည်းပြဆရာ ဦးဝေယံအောင်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။