Gen Wave အဖွဲ့မှ ကိုမိုဃ်းသွေး ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ
2015.05.18

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့နဲ့ ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့ဝင် ကိုမိုဃ်းသွေးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ ကျောက်တံတားရဲစခန်းက အမှုဖွင့်ထားကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ကိုမိုဃ်းသွေးက ပြောပါတယ်။
"စာတော့မရောက်သေးပါဘူး၊ စခန်းကနေ ဖုန်းဆက်တာ၊ ကျနော်က နယ်ဖက်မှာ ခရီးသွားနေ တဲ့အခါကျတော့ မနေ့ကတော့ ကျနော်တို့ရုံးကို လာတယ်လို့ပြောတယ်ခင်ဗျ၊ အဲ့ဒါနဲ့ ကျနော်က စခန်းကိုမေးကြည့်လိုက်တဲ့အခါကျတော့ ကျနော့်ကို လောလောဆယ် အမှုဖွင့်ထားတယ်လို့ အကြောင်းကြား ထားတာပဲရှိတယ်"
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပြီး အပြစ်ရှိသူကို အမှုဖွင့်အရေးယူပေးဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းအပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၄ဝ ကျော်က မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့အတွက် ကျောင်းသား ၊ ကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အဲဒီ့ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်တယ်လို့ သိရပါတယ်။