ဥပဒေအားနည်းချက်များ ပြင်ဆင် ဖို့ ကော်မရှင်ဖွဲ့ပြီ

လွှတ်တော်စတင်ခဲ့တဲ့ ၂၀၁၁ ခုနစ်ကနေ ဒီကနေ့အထိ ရေးဆွဲပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ် ပြီး အားနည်းချက်တွေ တွေ့ရှိလာရင်လည်း ပြန်လည်ဖြည့် စွက် ပြင်ဆင်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီကနေ့ ကတိပေးပြောကြားလိုက်ပါတယ်။

UMFCCI မှာ ဧပြီလ ၁၀ ရက်နေ့ကကျင်းပတဲ့ တောင်သူ လယ်သမားအရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ်

လွှတ်တော် စတင်ခဲ့တဲ့ ၂၀၁၁ ခုနစ်ကနေ ဒီကနေ့ အထိ ရေးဆွဲပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ပြန်လည် သုံးသပ်သွားမှာဖြစ်ပြီး အားနည်းချက်တွေ တွေ့ရှိ လာရင်လည်း ပြန်လည်ဖြည့်စွက် ပြင်ဆင်သွား မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကနေ့ ကတိပေး ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်က  မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးခန်းမှာကျင်းပတဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပွဲမှာ ဥပဒေတွေကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေးကော်မရှင်ကို မနေ့က စတင်ပြီး တာဝန်ပေးအပ် ထားပြီလို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

"တစ်ချို့ကိစ္စတွေမှာ ဥပဒေပြဌာန်းထားပေမယ့်လည်း အကြောင်းကြောင်းကြောင့် နိုင်ငံနဲ့နိုင်ငံသား  အကျိုးစီးပွားကြောင့် မဖျက်ဘဲ၊တစ်နေရာကိုရောက်သွားတဲ့ သဘောရှိပါတယ်။ဒီအကြောင်းကြောင့် မနေ့က လွှတ်တော်ရုံးမှာ ဒုတိယလွှတ်တော်ဥက္ကဌ ဦးနန္ဒကျော်စွာနဲ့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၃ အထိ ကျွန်တော်တို့ ပြဌာန်းထားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပါ။သုံးသပ်ပြီးလို့ရှိရင် ဒီဥပဒေထဲက လိုနေတာ၊လွဲနေတာတွေကို ကောင်းအောင်၊ မှန်အောင် ပြန်လည်သုံးသပ်ပါ။ပြီးလို့ရှိရင် ဒါကိုဆက်ပြီးဆောင်ရွက်မယ်"

ပြည်သူတွေအနေနဲ့ လွှတ်တော်က ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေကိုလည်း အချိန်မရွေးပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၀ ခုနစ်အထိ အစိုးရအဆက်ဆက်ရဲ့ ဆောင်ပုဒ်တွေ အမျိုးမျိုးချမှတ်ခဲ့ပေမယ့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာကို သင်ခန်းစာရယူဆောင်ရွက်ဖို့လိုတယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာနဲ့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org