လောက်ကိုင်မှာ စားသောက်ကုန် ပြတ်လပ်နေပြီး ဓာတ်ဆီတစ်လီတာ ကျပ်ရှစ်သောင်းကျော်နေ
2023.11.21

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဆန်အပါအဝင် အခြေခံ စားသောက်ကုန်တွေ စျေးအဆမတန် မြင့်တက်နေပြီး စက်သုံးဆီ ဓာတ်ဆီ တစ်လီတာကို မြန်မာငွေ ကျပ်ရှစ်သောင်းကျော်အထိ ပေးဝယ်နေရတယ်လို့ လောက်ကိုင်မှာ ရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ဆန်လိုက်ဝယ်တာ မရခဲ့သလို ခေါက်ဆွဲခြောက်၊ ပေါင်မုန့်နဲ့ ကိတ်မုန့်လို စားသောက်ကုန်တွေလည်း ပြတ်လပ်နေပြီလို့ လောက်ကိုင်မှာရှိနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကြက်ဥတစ်လုံးကို လေးထောင်ကျော်နေပြီ၊ ဆန်တစ်ပြည်ကို တစ်သောင်း၊ လေးပြည်အိတ်ကို လေးသောင်းနှုန်း။ အဲဒါဝယ်လို့ မရတော့ဘူး။ ပိုက်ဆံရှိရင်တောင် ဆန်ဝယ်လို့ မရတော့ဘူး။ တစ်ရက်ပြီးတစ်ရက် ဈေးက တက်နေတာ”
နှစ်ဆယ်လီတာပါတဲ့ ဓာတ်ဆီတစ်ပုံးကို တရုတ်ယွမ် လေးထောင် (မြန်မာငွေ ၁,၀၆၀,၀၀၀ ကျော်) အထိ ဈေးပေးဝယ်နေရပြီး ဒါတောင် ဝယ်လို့မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆန်ကိုလည်း တရုတ်နိုင်ငံဘက်ကနေ တစ်ခါတစ်ရံ လာရောက် ရောင်းချပေးတာ ရှိပေမယ့်လည်း မလောက်ငဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆင်ရေး ၁၀၂၇ ကြေညာတဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ အားလုံးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဖြတ်တောက်ထားတာပါ။
လက်ရှိ မြို့တွင်းမှာ ဆန်နဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေပြီး လျှပ်စစ်မီးပါ ဖြတ်တောက်ခံထားရတာကြောင့် လောက်ကိုင်မြို့မှာ ကျန်နေတဲ့ ဒေသခံ သောင်းနဲ့ချီ အခက်အခဲမျိုးစုံ ကြုံနေကြရတယ်လို့ သေခံတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ အခုရက်ပိုင်း လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ နီးစပ်ရာမှာ မနေဖို့နဲ့ တိုက်ပွဲတွေဖြစ်ရင် လုံခြုံတဲ့ နေရာမှာသာ နေကြဖို့ သတိပေးထားပါတယ်။
နိုဝင်ဘာလ ၂၀ ရက် မနေ့ကစပြီးလည်း လောက်ကိုင်မြို့တွင်း နေရာအချို့မှာ ပစ်ခတ်သံတွေ စကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း နိုဝဝင်ဘာလ ၁၂ ရက်နေ့ကစပြီး လောက်ကိုင်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားသလို ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြောင့် လောက်ကိုင်မြို့ပေါ်က ဒေသခံ သုံးသောင်းကျော်လည်း တရုတ်နယ်စပ်မျဉ်း အမှတ် BP - 125 အနီးကို ထွက်ပြေးနေထိုင်နေကြရပါတယ်။