ကိုးကန့်မှာ ဗိုလ်မှူးချုပ်ခြောက်ဦး အပါအဝင် စစ်ကောင်စီတပ်သား နှစ်ထောင်ကျော် လက်နက်ချ

လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။
လောက်ကိုင်မြို့မှာ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သွားလိုသည့်နေရာကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။ (Operation 1027-3BHA via X)

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့တခြားအဆင့် နှစ်ထောင်နီးပါးဟာ ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အနီးဝန်းကျင်က တပ်ရင်းစခန်းတွေက ထောင်နဲ့ချီတဲ့ တပ်သားအားလုံးလက်နက်ချခဲ့တာဖြစ်ပြီး လောက်ကိုင်ဟာ စစ်ကောင်စီတပ် ကင်းစင်တဲ့နယ်မြေဖြစ်သွားပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်လာတာပါ။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင် ၁၆၀၀ ကျော်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ MNDAA ဘက်က လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့ သွားလိုတဲ့ လုံခြုံတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပွိုင့် ၂၀၂၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦးလည်း လက်နက်ချလာတဲ့အတွက် စုစုပေါင်း လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် ၂၃၈၉ ယောက်ရှိပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပြောပါတယ်။

လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ကြိုဆိုလက်ခံနေပြီး ထပ်မံလက်နက်ချလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ဟာ ၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့ဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်း အထွတ်အထိပ်နေ့ ဖြစ်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့မှာပါဝင်တဲ့ ကိုးကန့်တပ်မတော် MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်တာမရှိသေးပါဘူး။

လောက်ကိုင်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့သတင်းနဲ့ စစ်ကောင်စီတပ်သား နှစ်ထောင်ကျော် လက်နက်ချခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစုံတရာသတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

လောက်ကိုင်မြို့ခံတွေကတော့ လောက်ကိုင်ကို MNDAA တပ်က ထိန်းချုပ်ပြီး ထောင်နဲ့ချီတဲ့ စစ်ကောင်စီ တပ်သားတွေလက်နက်ချခဲ့တယ်လို့ RFA ကို အတည်ပြုပြောထားပါတယ်။