လောက်ကိုင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေကြောင်း MNDAA ထုတ်ပြန်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က အပြီးတိုင်သိမ်းယူလိုက်ပြီလို့ ကြေညာထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏလာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ MNDAA ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The Kokang က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်မှာ စစ်ကောင်စီတပ်သား တစ်ယောက်မှမရှိတော့ပေမဲ့ ကိုးကန့်မြို့တော်လောက်ကိုင်ကို ဂျက်လေယာဉ်နဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့ညနေက တုန်ချိန်ရပ်ကွက်ထဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အများပိုင်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ပြောပါတယ်။ နေအိမ်တွေနဲ့ အရပ်သားထိခိုက်သေဆုံးတာတော့မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့ တခြားအဆင့် နှစ်ထောင်နီးပါးဟာ MNDAA ထံ လက်နက်ချခဲ့ပါတယ်။

အဲဒီနောက် "၁၀၂၇ စစ်ဆင်ရေး" ၇၁ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ MNDAA က လောက်ကိုင်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ပြီး လောက်ကိုင်ဟာ စစ်ကောင်စီတပ်ကင်းစင်တဲ့နယ်မြေဖြစ်သွားပြီလို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လောက်ကိုင်မြို့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။