စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဆည်တဲရွာမှာ ရွာသားတွေက ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ဝန်ထမ်း၂ ယောက် လွတ်မြောက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ရွာသားတွေ မနေ့က ညှိနှိုင်းခဲ့ပြီးတဲ့နောက် တရုတ် နိုင်ငံသား ၂ ဦး ပြန်လွှတ်လာခဲ့ကြပါတယ်။
ဝမ်ပေါင် ကုမ္ပဏီ ရဲ့ ပြောခွင့်ရ အရာရှိတစ်ဦးဖြစ် သူကောင်တင်ရှန်း က တနင်္လာနေ့ ညနေ ၇ နာရီလောက်မှာ ပြန်လွတ်လာကြကြောင်း၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရဲ့ ကြားဝင်စေ့စပ်မှု နဲ့ ပြန်လွတ်လာခဲ့ ကြတာဖြစ်ကြောင်း၊ ဒါပေမဲ့ ပြန်ပေးဆွဲ သူတွေ ရဲ့တောင်းဆိုချက်တွေကိုတော့ သဘောမတူ ခဲ့ကြောင်း ပြောပါတယ်။
ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ ဆည်တဲရွာသား ဦးအောင်မြင့်နိုင် ကလည်း တောင်းဆိုချက်အားလုံးအတွက် ပြေလည်မှု မရပေမဲ့၊ သဘောတူညီချက်တချို့ရလို့ ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း၊ တရုတ်ဝန်ထမ်းတွေကို ပြန်ပေး ဆွဲမှုနဲ့ ဆည်တဲရွာသား ၅ ဦး အပေါ် အမှုဖွင့်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ပြောဆိုကြောင်း RFA ကို ပြောပါတယ်။
"ညှိတာကတော့ သူတို့ဘက်က တရုတ်တွေလွှတ်ပေးဖို့ရယ် ကျနော်တို့ဘက်က ခြံစည်းရိုးခတ်ထား တဲ့ လယ်ယာမြေတွေကို ကျွဲ၊ နွား၊ ဆိတ်ဝင်ကျောင်းဖို့ရယ်၊ လွတ်လပ်စွာ ဝင်ရောက်ထွန်ယက် စိုက်ပျိုးဖို့ရယ်ပေ့ါ၊ သူတို့က နည်းနည်းပါးပါးတော့ လုပ်ပေးမယ်ပေ့ါဗျာ၊ အပြည့်အစုံကတော့ မလိုက်လျောဘူးဗျာ၊ ဇီးတောဘက်မှာဖြစ်ခဲ့တဲ့ ဥစ္စာရယ်၊ ဒီတရုတ်တွေကိုခေါ်လာတဲ့ အကြောင်း အရင်းတွေကို ကွင်းလုံးကျွတ်အမှုမဖွင့်ဘူးပေ့ါဗျာ၊ အဲလိုဆိုရင် ကျနော်တို့ဘက်က လွတ်ပေး မယ်ပေါ့ဗျာ၊ အဲလိုပြောပေမယ့် သူတို့ဘက်က ကွင်းလုံးကျွတ်ကတော့ မပေးဘူးဗျ၊ ဒေသခံ ၅ ယောက်ကို အမှုဖွင့်တယ်ပေါ့"
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆည်တဲရွာနဲ့ ကိုက် ၅ဝဝ အကွာလောက်မှာ ဝမ်ပေါင်ကုမ္ပဏီက အသက် ၂၃ နှစ် အရွယ် တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ကားမောင်းသူတစ်ဦးတို့ လေထုအရည်အသွေးတိုင်း တာ နေစဉ် အတွင်း၊ ဆည်တဲရွာသားတွေက သုံးယောက်လုံးကို ဖမ်းဆီးခဲ့ပြီး၊ အဲဒီနောက်ပိုင်း ကားမောင်း သမားကို လွှတ်ပေး ခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ည ၁ဝ နာရီလောက်မှာတော့ တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ကြတဲ့ ရဲတပ်ဖွဲ့နဲ့ ဒေသ ခံတွေ ဆည်တောရွာနားက ဇီးတောဘုန်းကြီးကျောင်း အနီးတဝိုက်မှာ တင်းမာမှုဖြစ်ပြီး၊ မျက်ရည်ယို ဗုံးတွေ၊ ရော်ဘာကျည်ဆံတွေနဲ့ ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေရဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ် လို့ သိရ ပါတယ်။
သမ္မတ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာမှာတော့ တရုတ်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ကြတဲ့ ဆည်တည်းရွာခံ တချို့က အနီးက ရဲစခန်းတစ်ခုကို ကျောက်ခဲ၊ လေးခွ၊ မီးတုတ်တွေနဲ့ တိုက်ခိုက်ခဲ့ ကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။