ရန်ကုန်ရောက် လက်ပန်းတောင်းတောင် ဒေသ က သံဃာတွေကို နေ့ဆွမ်းဆက်ကပ်

လက်ပန်းတောင်းတောင်အရေးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုရောက်ရှိနေတဲ့ ဒဏ်ရာရ သံဃာတော်တွေနဲ့ ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့က သံဃာတော်တွေ ကို ဒီမိုကရေစီ အင်အားစုတွေက စုပေါင်းပြီး ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတဲ့ မျက်နှာ၊ မေးရိုး၊ ခံတွင်းနဲ့ ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဌာနရှေ့မှာ နေ့လည်ဆွမ်း ဆက်ကပ် ခဲ့ကြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေးအခြေအနေဟာ လောလောဆယ်သက်သာနေပြီဖြစ်ပေမယ့် အခြေအနေကိုစောင့်ကြည့်ပြီး မသက်သာရင် ထိုင်းနိုင်ငံမှာ သွားရောက်ဆေးဝါးကုသမှုခံယူမယ်လို့ ဒဏ်ရာရသံဃာတော် စောင့်ရှောက်ရေးအဖွဲ့က ဦးသု(ခ)ဦးဝိမလက RFA ကို မိန့်ကြားပါတယ်။

ဆက်လက်ပြီး ဒဏ်ရာရသံဃာတော်ရဲ့ ကျန်းမာရေးအခြေအနေဟာ အလုံးစုံပျောက်ကင်းမှု မရှိသေးတဲ့အတွက် ပြည်သူတွေကို ဒီအခြေအနေတွေ သိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် အခုလို ဆွမ်းကပ်တာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်က နော်အုံးလှက RFA ကို အခုလို ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၉ရက်နေ့ မနက်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်နေကြတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွင်းခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ တစ်လပြည့်အထိမ်းအမှတ်လည်း ဖြစ်တယ်လို့သိရပါတယ်။

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ သံဃာ ငါးပါးအနက် သံဃာနှစ်ပါးဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ဆေးဝါးကုသမှုခံယူနေသလို လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း သံဃာတော် သုံးပါး တက်ရောက်ဆေးဝါးကုသမှု ခံယူနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org