လက်သုံးချောင်းထောင်တဲ့ လက်ပံပျားရွာသူ စျေးသည်အမျိုးသမီး ကိုးဦး အဖမ်းခံရ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားရွာက လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ခဲ့တဲ့ ကြက်သားကြော်သည် အမျိုးသမီး ကိုးယောက်ကို မနေ့က မေလ ၂၆ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-05-27
-
-
-
၂၀၂၁ မတ်လ ၂၄ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာက ကြက်ကြော်ရောင်းနေတဲ့ စျေးသည်တွေကို မြင်ရစဉ်
Photo: CJ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားရွာက လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ခဲ့တဲ့ ကြက်သားကြော်သည် အမျိုးသမီး ကိုးယောက်ကို မနေ့က မေလ ၂၆ ရက်နေ့မှာ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးသည်တွေကို ခံဝန်ထိုးရုံပဲ ဖမ်းတာမဟုတ်ဘူးလို့ စစ်ကောင်စီကခန့်ထားတဲ့ ဥက္ကဋ္ဌနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုပြီးခေါ်သွားပေမယ့် ရဲစခန်းရောက်မှ ဖမ်းထားလိုက်တာလို့ လက်ပံပျားရွာက ဈေးသည်တစ်ယောက်က RFA ကို ပြောပါတယ်။
“ချိုချိုသာသာခေါ်တော့ အကုန်လိုက်သွားကြတာ၊ လက်ပံပျားရဲစခန်းရောက်တော့ စခန်းမှူးက ဒီဓာတ်ပုံ တွေက နိုင်ငံတော်က ခွင့်ပြုမထားတဲ့ မဇ္စျိမနဲ့ ဒီဗွီဘီ သတင်းဌာနတွေမှာလည်း တက်နေတယ်။ ဖမ်းကွာ ဆိုပြီး ကျောက်ပန်းတောင်းစခန်းကို ခေါ်သွားတယ်။ တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ မလွယ်ပါဘူး။ အခုတော့ မိသားစုတွေက ကျောက်ပန်းတောင်းရဲစခန်းကို လိုက်သွားကြတယ်"
ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီး ကိုးယောက်မှာ ရှစ်ယောက်က ကလေးမိခင်တွေဖြစ်ပြီး၊ ကျန်တစ်ယောက် ကတော့ တက္ကသိုလ် တတိယနှစ်ကျောင်းသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲစခန်းထိ လိုက်လံဖြေရှင်းနေတဲ့ မိသားစုတွေနဲ့ ရွာခံပြည်သူအများစုကတော့ လက်သုံးချောင်းထောင်ပြီး ဓာတ်ပုံရိုက်တာပဲ လုပ်ခဲ့တာမို့၊ အဖမ်းခံရသူ ကိုးဦးစလုံး ပြန်လွတ်ဖို့ မျှော်လင့်နေတယ်လို့လည်း RFA ကို ပြောပြကြပါတယ်။