လက်ပံတောင်းဒေသ လျှပ်စစ်မီးရဖို့ လုပ်ဆောင်နေကြောင်း ဝမ်ပေါင်ကုမ္ပဏီ ထုတ်ပြန်
2022.12.24

မုံရွာခရိုင် လက်ပံတောင်းဒေသက ဖောင်းခါး၊ ရွှေလှဲ နဲ့ ကျောက်ဖြူဒိုင် အပါအဝင် ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီးပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ခြောက်သိန်းနီးပါး အကုန်အကျခံ စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာ-ဝမ်ပေါင်ကြေးနီစီမံကိန်းကုမ္ပဏီက ထုတ်ပြန်ပါတယ်။
လက်ပံတောင်းဒေသက ကျေးရွာအများစုဟာ လျှပ်စစ်မီးမရှိကြဘဲ အမှောင်ထုထဲမှာ နေနေရတယ်လို့ ဆိုပါတယ်။ ပြည်သူတွေရဲ့နေ့စဉ်ဘဝ အဆင်ပြေလွယ်ကူဖို့အတွက် လျှပ်စစ်မီး မရှိမဖြစ်လိုအပ်ကြောင်း၊ ဒါကြောင့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက ဒီအခက်အခဲတွေ ပြေလည်စေဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လျှပ်စစ်မီး ရရှိတာကြောင့် ဒေသခံတွေရဲ့ ဘဝတွေ လွန်စွာတိုးတက်ကောင်းမွန်လာပြီး အနာဂတ်မှာလည်း အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
လက်ပံတောင်းဒေသမှာတော့ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်တွေ စီမံကိန်းအနီးအနားက ရွာတွေအတွင်း ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာပေါင်း ကိုးရွာက ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးနေရပါတယ်။