AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး တပ်ကတရားစွဲထားသူ ၃၈ ဦးရှိပြီ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေတရားရုံးမှာ ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့ကရုံးထုတ်စဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေတရားရုံးမှာ ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့ကရုံးထုတ်စဉ် (Photo: RFA)

0:00 / 0:00

ရက္ခိုင့်တပ်တော် AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေတဲ့သူတွေထဲက လက်ရှိ တရားစွဲဆို တင်ပို့ ထားတဲ့ ၃၈ ယောက်ကို AA တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတာ၊ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ အချက်တွေနဲ့ တရားစွဲ တင်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"ဖမ်းဆီးထားတဲ့ အရေအတွက်ကတော့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပြီးသားဖြစ်တယ်၊ ကျွန်တော်တို့ တရားစွဲဆိုထားတဲ့သူ ၃၈ ဦးရှိတယ်ဗျ၊ ၃၈ ဦးထဲမှာ ကျွန်တော်တို့က ပြန်ပြီးလွတ်သွားတာတို့ စာရင်းတွေကတော့ ကျွန်တော့်ဆီမှာ မရှိဘူး၊ တရားစွဲဆိုထားတဲ့ အရေအတွက်ပဲရှိတယ် ၃၈ ဦးရှိပါတယ်၊ အဓိကကတော့ ပတ်သက်ဆက်နွယ်တဲ့ဟာတွေပါပဲ၊ အများစုပါပဲခင်ဗျ၊ ဒါကတော့ အမှုတပ်တာကတော့ တရားရုံးနဲ့ ရဲရဲ့အမှုပဲ၊ ကျွန်တော်တို့ကတော့ သူတို့ရဲ့ သက်သေထွက်ဆိုချက်တွေ ဆက်နွယ်တယ်ဆိုလည်း ဆက်နွယ်ဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ AA အဖွဲ့ဝင်ဖြစ်တယ်ဆိုလည်းဖြစ်တယ်ဟာ၊ ဆက်နွယ်တယ်ဆိုလည်း ဆက်နွယ်တယ်ဆိုတဲ့ဟာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ စွဲချက်ကို တွေ့ရှိချက်ကိုပဲ ပေးရ တာဖြစ်ပါတယ်"

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သူ ရာချီရှိနေပြီလို့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေလည်းပါဝင်သလို AA နဲ့လည်း ပတ်သက်ဆက်နွယ်တယ်လို့ တပ်မတော်က ပြောဆိုတဲ့အပေါ် ရက္ခိုင့်တပ်တော် AA ဘက်က တုံ့ပြန်ချက်ကို ရရှိဖို့ RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိသလို အကြောင်းပြန်တာလည်း မရှိပါဘူး။

အခုလို ဒေသခံအရပ်သားတွေ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့အပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ပြောတာက

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ

"မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်က ယိမ်းယိုင်နေတယ်လေဗျာ၊ ဆိုလိုတာက အခုက မဏ္ဍိုင်ကြီးသုံးရပ်ကလည်း မပေါ်လွင်ဘူး၊ ဆိုတော့ ဒီမိုကရေစီလည်း အစစ်အမှန်မဟုတ်လို့ပေါ့လေ အဓိ ကတော့၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကပဲ အကုန်လုံးနေရာမှာ လွှမ်းမိုးနေ တာရှိတယ်၊ ဒီမှုတွေကိုမပြောနဲ့ ရခိုင်နိုင်ငံရေး ဥသျှောင်ဖြစ်တဲ့ ဒေါက်တာဦးအေးမောင် တို့ကိုတောင် ဒီလိုလုပ်ထားတာလေ၊ ဆိုတော့ နောက်ဟာတွေကတော့ ပြောစရာမလိုတော့ဘူးပေါ့၊ အခုလိုအနေအထားမှာဆိုလို့ရှိရင် အမျိုးမျိုးပုဒ်မတွေတပ်ပြီးတော့ ဖမ်းမှာပဲ၊ ဒါကတော့ တရားရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးနေလို့ ဒီလိုဖြစ်တယ်လို့ သုံးသပ်တယ်ဗျ၊ တရားရေးမဏ္ဍိုင် လွတ်လပ်မှုမရှိလို့ပဲ ဒီလိုဖြစ်တယ်လို့ပဲ သုံးသပ်တယ်ဗျ၊ တရားစွဲ တယ်ဆိုရင် တရားသူကြီးတွေကလည်း သူတို့စွဲလာရင် ချလိုက်တာ ပဲရှိတယ်လေ၊ မှန်မှန်ကန်ကန် ဒီလိုအမှုတွေက သိပ်မဖြစ်နိုင်ဘူး၊ မလိုလားအပ်တဲ့ ပြည်သူတွေ ဒီလိုပဲခံနေရတယ်၊ ဒါလူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲနော်"

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ - အကြောင်းအချက် သက်သေမခိုင်လုံရင် တရားရုံးက အမှုလက်ခံဖွင့်ပေးစရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (me)

"တရားဥပဒေမှာက အမှုဖွင့်လိုက်ပြီဆိုကတည်းက အမှုဖွင့်တာကို တရားရုံးကလက်ခံပြီးဆိုရင် ကျွန်တော်တို့က အကြောင်းအချက် မခိုင်လုံပဲ တရားရုံးက လက်မခံပါဘူး၊ ပြီးရင်တော့ ပြစ်ဒဏ်ချ မချ ကတော့ ဒါတရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ့၊ ခုနပြောတဲ့အမှုဖွင့်တာ မဖွင့်တာသည် အမှုဖွင့်တာကို လက်ခံလိုက်ကတည်းကအတိုင်း ကျွန်တော်တို့က အရင်ကတည်းကအတိုင်း အကြောင်းအချက် မခိုင်လုံဘူးဆိုရင် အမှုဖွင့်ပေးစရာ အကြောင်းမရှိဘူးဗျ၊ ဒါတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေပါပဲ"

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်က ကျောက်တော်မြို့ပေါ် လမ်းမတွေနဲ့ အဆောက်အအုံတွေမှာ မြို့နယ်ဥပဒေအရာရှိကို ခြိမ်းခြောက်တဲ့စာတွေ ကပ်တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီ စာတွေထဲမှာ ဒီမြို့နယ်ဥပဒေအရာရှိဟာ ရခိုင်လူမျိုးတွေကို ပြည်ထဲရေးက ပုဒ်မမျိုးစုံတပ် တရားစွဲဆိုနေတာတွေကို မငြင်းပယ်ပဲ တရားစွဲဆိုနိုင်အောင် ထောက်ခံပေးနေတဲ့အတွက် ကျောက်တော်မြို့ ကနေ တစ်ပတ်အတွင်း ထွက်သွားဖို့၊ မထွက်သွားရင် သင့်ရဲ့ကံစီမံရာအတိုင်းပဲလို့ ရေးသားထားတာပါ။

ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စတဲ့ မြို့နယ်တွေက ဒေသခံတွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သူတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာမျိုးတွေမလုပ်ဘဲ တရားဥပဒေနဲ့အညီပဲ ဖြစ်စေချင်တယ်လို့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ပြောပါတယ်။

စစ်ဆေးတဲ့အချိန်မှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့လိုတယ်

"အင်း ကျွန်တော်ထင်တယ် ရာနဲ့ချီပြီးတော့ ရှိနေတာပေါ့၊ လက်ရှိမှာတော့ ဒီသံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူတွေ ကတော့လေ၊ အဓိကကတော့ ဒီသံသယနဲ့ စစ်ဆေးတယ် ဆိုရင်တော့ ဒါသံသယကြောင့် စစ်ဆေးလို့တော့ရတာပေါ့၊ စစ်ဆေးတဲ့အချိန်မှာတော့ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဖို့လိုတယ်၊ သံသယနဲ့ စစ်ဆေးတယ်ဆိုရင်တော့ သံသယအရပဲ စစ်ဆေးတာမျိုးဖြစ်သင့်တယ်၊ ညှဉ်းပန်းနှိပ်စက်တာမျိုးပေါ့ လိုအပ်တာထက်ပိုပြီးတော့ အခွင့်အာဏာသုံးပြီးတော့မှ ဖိအားပေးစစ်ဆေးတာ မျိုးတော့ မဖြစ်ဖို့အရေးကြီးတာပေါ့နော်"

AA ကို အားပေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူနိုင်ငံရောက် ရခိုင်အသင်းအဖွဲ့ဝင်တွေလည်း စစ်ဆေးခံခဲ့ရပြီး မြန်မာပြည် ပြန်ပို့ခံရပြီးတဲ့နောက် အမှုဖွင့် ထိန်းသိမ်းခံထားရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်လူငယ် ရှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)တို့နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံစစ်ဆေးနေသလို ဆက်စပ်တဲ့ နောက်ထပ် ၁၆၄ ယောက်ကို တရားစွဲဆိုထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဇွန်လအထိ AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့သူ ၉၀ ကျော်ရှိပြီး၊ စစ်ဆေးနေဆဲ ၃၆ ယောက်၊ တရားစွဲဆိုအမှုဖွင့်အရေးယူထားတာ ၄၅ ယောက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ယောက် ရှိခဲ့တယ်လို့ တပ်မတော်က ပြောထားပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)