တောင်ကျချောင်းရေကြောင့် လားရှိုးမြို့ ရေလျှံ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မိုးသည်းထန်ပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျချောင်းရေကြောင့် ဆိုးဆိုးဝါးဝါး ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ နေအိမ်တွေ ပြိုကျမှုတွေ၊ ရေစီးနဲ့မျှောပါ ပျောက်ဆုံး နေသူတွေ ရှိတယ်လို့ ရေဘေး ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ ကိုထွန်းနိုင်က RFA ကို ပြောပါတယ်။

"ရေကြီးလို့ အိမ်ပြိုတယ်လို့ တခါမှ မကြားခဲ့ဖူးဘူး။ အခုတော့ ကျွန်တော်တို့ မျက်မြင်ပေါ့။ ရပ်ကွက်တခုထဲမှာတင် အိမ်ခြေ တရာနီးပါးမြုပ်ပြးီ အိမ် လေးငါးဆယ်လောက် ပြိုတယ်ဆိုတာ တွေ့ရတယ်။ အုတ်တံတိုင်းကတော့ တော်တော်များများ ပြိုသလောက် ဖြစ်သွားပြီ။ အိမ်ထဲမှာ ပိတ်မိနေတဲ့ သူတွေလည်း ရှိတယ်။ ပျောက်တဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်။ ဟိုတောင်ကျချောင်း ထိပ်ကနေပြီးတော့မှ ကျောက်ခွဲစခန်းရှိတာ အဲဒီက လူ ၄ ယောက် မျောပါလာတာ ၃ ယောက်က ဆယ်လို့ ရတယ်။ တယောက်ကတော့ ပြန်ပေါ်မလာဘူးလို့ ပြောတယ်။"

ရေကြီးမှုကြောင့် နေအိမ်တွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ကလေးငယ်တွေကို စစ်တပ်၊ ရဲ စတဲ့ အာဏာပိုင် တွေက ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတာ မြင်တွေ့ရတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ မယုက RFA ကို အခုလို ပြောပါတယ်။

"ပိတ်မိနေတာပေါ့နော်။ အဲဒါ စစ်တပ်က လူတွေကို ကယ်ထုတ်ပေးနေတာပေါ့နော်။ ကလေးတွေကို အထဲထဲမှာ ကြိုးတွေနဲ့ချီပြီးတော့ အိမ်ထဲအထိ ဆင်းပြီးတော့ လိုက်ကယ်နေတယ်။ လမ်းမပေါ်မှာလည်း ရေကျော်နေလို့ ကားတွေ သွားလို့ မရဘူး။ ပိတ်မိနေတယ်။ ရန်ကုန်ဘက်ဆင်းမယ့် ကားတွေဆိုလည်း လမ်းပေါ်မှာပဲ ရပ်ထားရတယ်။ ဓာတ်ဆီဆိုင်က ဆီပီပါတွေဆိုရင်လည်း မျောသွားတယ်။ အဲလောက်အထိကြီးတာ။"

ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေတဲ့ အေဒီချောင်းနံဘေးက ရပ်ကွက် (၁)၊ ရပ်ကွက် (၉)နဲ့ (၁၀)တို့မှာ  ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိက လုပ်ဆောင်နေပြီး၊ဒုက္ခသည် စခန်း ၃ ခုကိုလည်း အရေးပေါ် ဖွင့်လှစ် ထားရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org