လားရှိုးမြို့မှာ မီးရှို့မှုတွေ ဆက်လက်ဖြစ်ပွား


2013.05.29
lashio-building-burn-305.jpg လာရှိုးမြို့ အဓိကရုဏ်းအတွင်း မီးရှို့ခံရသော အဆောက်အဦးပုံ
photo: U Ye Htut Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ပြဿနာပေါ်ပေါက်ခဲ့ရာကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့မှာ တခြားရပ်ကွက်တွေပါကူးစက်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

မနေ့ညက အမှတ် (၈) ရပ်ကွက်မှာ စတင်ခဲ့တဲ့ ဒီပြဿနာဟာ ဒီကနေ့မှာ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်တွေကိုပါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အမှတ် (၈) ရပ်ကွက်မှာတော့ မီးလောင်တာတွေ ဒီနေ့ပိုဆိုးလာတယ်လို့ လားရှိုးမြို့ခံတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက ပြောပါတယ်။

လားရှိုးအမှတ် (၈) ရပ်ကွက် အားကစားကွင်းအနီးမှာရှိတဲ့ ဆိုင်ကယ်ပစ္စည်း အဟောင်းဆိုင်၊ အမှတ် (၇) ရပ်ကွက် လန်ဒန်ကုန်းနားက နေအိမ် (၃) လုံး၊ ရန်ကင်းလမ်းက အိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့သိရပါတယ်။

အာဏာပိုင်တွေဖက်က မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းထိန်းချုပ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လားရှိုးမြို့အမှတ် (၁) ရဲစခန်းက RFA ကို အခုလို ပြောပါတယ်။

"အခုဘာမှတော့ ထူးထူးခြားခြားမရှိပါဘူး၊ ငြိမ်နေပါတယ်၊ နောက်တော့မသိဘူး၊ လုံခြုံရေးအင်အားကတော့ အတိအကျကတာ့ ကျနော်လည်းမပြောတတ်ဘူး၊ သူတို့ထုတ်ထားတာ ကား ၄၊ ၅ စီး ပတ်နေတာပဲ"

မြို့ရဲ့လမ်းမတွေပေါ်မှာလည်း လူတချို့ဟာ တုတ်၊ ဓါးစတဲ့လက်နက်တွေ ကိုင်ဆောင်ပြီး သွားလာနေကြတယ်လို့ တခြားမြို့ခံတစ်ဦးက သူမြင်တာကိုပြောပါတယ်။  လားရှိုးမြို့မှာ မနေ့ညက အရေးပေါ် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လားရှိုးမြို့က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းကို RFA သတင်းထောက် မအိအိခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။