လားရှိုးမြို့မှာ MNDAA က လူငါးဦးကို သေဒဏ်စီရင်

၂၀၂၃ ခုနှစ်က လားရှိုးမြို့မှာ မုဒိန်းမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူရှစ်ဦးကို သေဒဏ်အမိန့်နဲ့ တစ်သက်တစ်ကျွန်းစတဲ့ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ MNDAAက သေဒဏ်အပြစ်ပေးခဲ့သူများအား ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်နေ့က မြင်တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ကိုးကန့်တပ်မတော် (MNDAA) က အမျိုးသား ငါးဦးကို ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧပြီလ ၁၀ ရက်နေ့က သေဒဏ်စီရင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၃ ခုနှစ်က လားရှိုးမြို့မှာ မုဒိန်းမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူရှစ်ဦးကို သေဒဏ်အမိန့်နဲ့ တစ်သက်တစ်ကျွန်းစတဲ့ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသားအဖြစ် ခံယူထားတဲ့ တရုတ်လူမျိုး ကျူးဟုတ်ဖေး၊ မြန်မာနိုင်ငံသားဖြစ်တဲ့ စိန်မင်းထွန်း၊ ခေးစိုး၊ တေ့ပြာဝူး၊ ဝမ်စိုး တို့ ငါးဦးပါဝင်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ဒီနေ့ပစ်သတ်ခံရတာက ဗမာလေးယောက်၊ တရုတ်တစ်ယောက်ပေါ့နော်။ အားလုံးပေါင်း ငါးယောက်ပေါ့။ ငါးယောက်မှာ ခါးသျှိရွာက လေးယောက်။ တရုတ်တစ်ယောက်နဲ့ဆို ငါးယောက်က လေယာဉ်ကွင်းမှာ ပစ်သတ်တဲ့အထဲမှာ ပါတယ်။ သေဒဏ်ပေးခံရတာ ငါးဦး။ တစ်ဦးကိုတော့ တစ်သက်တစ်ကျွန်းပို့လိုက်တာ။ တရုတ်နှစ်ယောက်မှာ တစ်ယောက်ကကြတော့ သေတဲ့အထဲမှာ ပါတယ်။ တစ်ယောက်က တစ်သက်တစ်ကျွန်းထဲမှာ ပါတယ် ”

ပြစ်မှုကျူးလွန်သူတွေထဲက ငါးဦးကို သေဒဏ်အပြစ်ပေးခဲ့ပြီး အဲဒီအထဲက နောက်ထပ် တရုတ်လူမျိုးတစ်ဦးဖြစ်တဲ့ လေအိုချိုင်ကိုတော့ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တယ်လို့ ဧပြီလ ၁၀ ရက်နေ့မှာပဲ ကိုးကန့်သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တိန်ကော်ဝူးကို သေဒဏ်ချမှတ်ခဲ့ပေမယ့် နှစ်နှစ် ဆိုင်းငံ့ခဲ့ပြီး ဝူးချီမိုကိုတော့ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံရသူ ၈ ဦးထဲမှာ မြန်မာနိုင်ငံသား ခြောက်ဦးနဲ့ မြန်မာနိုင်ငံသားခံယူထားတဲ့ တရုတ်လူမျိုးနှစ်ဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ငါးဦးနဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၆ ဦးက လားရှိုးမြို့နယ်ကဖြစ်ပြီး တစ်ဦးက သိန္နီ နဲ့ နောက်တစ်ဦးက မုံးကိုးက ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ် (MNDAA) ရဲ့ တရားရုံးကနေ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ဖို့အတွက် ရပ်ကွက်နေပြည်သူတွေ၊ မြို့မိမြို့ဖတွေကို ဖိတ်ခေါ်ပြီး တရားစီရင်မှုလုပ်ခဲ့သလို အများပြည်သူအရှေ့မှာပဲ သေဒဏ်စီရင်ခဲ့တာလို့ ဆိုပါတယ်။

သေဒဏ်စီရင်ခံရသူတွေအတွက် တရားဥပဒေအရ ရှေ့နေတွေနဲ့ ခုခံချေပခွင့် ရမရဆိုတာကတော့ အသေးစိတ်မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စီရင်မှုနဲ့ပတ်သက်ပြီး MNDAA က ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဧပြီလ ၁၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ လူသတ်မှုအပါအဝင် ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ၁၄ ဦးထဲက လူခြောက်ဦးကို MNDAA က သေဒဏ်ချမှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org