လားရှိုး သင်္ကြန်မဏ္ဍပ်အနီး ဗုံးကွဲမှု လေးဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
2023.04.13

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအဆင်းနေရာမှာ ဧပြီလ ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အမျိုးသားလေးဦး သေဆုံးခဲ့ပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေး နေသူတစ်ဦးက ပြောပါတယ်။
ရန်တိုင်းအောင်ဘုရားအောက်ဘက် ကွင်းပြင်မှာရှိတဲ့ သင်္ကြန်မဏ္ဍပ်မရောက်ခင် လမ်းဘေးမှာ ပေါက်ကွဲခဲ့တာလို့ သူက ပြောပါတယ်။
"အခု ကနဦး ရထားသလောက်ဆိုရင် အမျိုးသားလေးဦးရဲ့ အလောင်း တွေ့ထားတယ်”
သေဆုံးသူ အမျိုးသားလေးဦးဟာ လူငယ်ပိုင်းတွေဖြစ်ပြီး မိုင်းထိဒဏ်ရာကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးထဲမှာ အမျိုးသမီးသုံးဦး ပါဝင်တယ်လို့ အဲဒီအနီးနားမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာအနီးမှာ ဗဟိုသင်္ကြန်မဏ္ဍပ်ရှိနေပြီး ညနေပိုင်းမှာဖွင့်ပွဲလုပ်ဖို့ ပြင်ဆင်နေတာ ရှိတယ် လို့လည်း ဒေသခံက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ မြနန္ဒာ ကြာကန်အနီးမှာ ရှိတဲ့ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် သင်္ကြန်မဏ္ဍပ်အနီးမှာ ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မဏ္ဍပ်အဆောက်အအုံ အနည်း ငယ်ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုကြတာ မရှိသေးပါဘူး။
ပေါက်ကွဲမှုကြောင့် ကားနဲ့ဆိုင်ကယ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။