လားရှိုးထောင်အနီး စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်
2024.07.23

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က စစ်ကောင်စီ တပ်စခန်းတွေကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA ရဲ့ ထိုးစစ်ကြောင့် လားရှိုးမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၄၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ မြို့အတွင်းပိုင်းကို ဆုတ်ခွာပေးလိုက်ရပြီး လားရှိုးအကျဉ်းထောင်အနီးမှာ ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
လားရှိုးထောင်အနီးက ကောင်းခါးရပ်ကွက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတာလို့ အဲဒီနားမှာ နေထိုင်တဲ့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“ထောင်ကြီးနားမှာက ၆၈ တပ်ရှိတယ်။ အခုတိုက်ပွဲက ၆၈ တပ်ကို ကျော်ပြီး ကောင်းခါးရပ်ကွက်ထဲတောင် ရောက်နေပြီ။ ၆၈ တပ် ကျတယ် မကျတယ်တော့ အတိအကျ မသိရဘူး။ အခုတော့ တအားပဲ ပစ်နေကြတာ။ ကျွန်တော်တို့ ပုန်းဖို့နေရာရှာရအုံးမယ်”
လားရှိုး အကျဉ်းထောင်နဲ့ တစ်ဆက်တည်းရှိတဲ့ စစ်ကောင်စီ ဝန်တင်တပ်ရင်း အနီးက ရှမ်းကုန်းရွာမှာလည်း လက်နက်ကြီးတွေကျလို့ နေအိမ်တွေ ထိခိုက်မှုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ဟာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်ပြီး မြို့အထွက်မှာရှိနေတဲ့ ခလရ-၄၁၊ ခမရ-၅၀၇၊ ခလရ ၆၈ တပ်၊ မယ်ဟန်ကျေးရွာ စစ်တပ်စခန်းနဲ့ နမ္မမြို့ဘက်အထွက်က နောင်လိုင်ကျေးရွာတပ်စခန်းတွေကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
ခလရ-၄၁ ကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ မြို့တော်ခန်းမနဲ့ ရပ်ကွက် (၉) စတဲ့နေရာတွေမှာ ခံစစ်တွေပြန်ပြင်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“၄၁ တပ်က ကိုးကန့်လက်ထဲ ရောက်ပြီလို့ ပြောလို့ရတယ်။ အခု စစ်တပ်က တစ်ဆင့်ချင်းဆုတ်ခွာနေရတဲ့ ပုံရတယ်။ မြို့တော်ခန်းမနဲ့ ရပ်ကွက်တွေထဲမှာ ခံစစ်လုပ်နေရပြီ”
ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး မြို့အတွင်းပိုင်းအထိ MNDAA တပ်ဖွဲ့က ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအခြေအနေကို အတိအကျ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
MNDAA တပ်ဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူး နှစ်ဦး အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး ဇူလိုင်လ ၂၁ ရက်နေ့မှာ လက်နက်ချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။