လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု အချုပ်သား နှစ်ဦးသေဆုံး
2024.10.24

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၃ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အချုပ်သားနှစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လာရှိုးမြို့က အရက်ချက်စက်ရုံ၊ အမှတ် (၁၂) ရပ်ကွက်နဲ့ အမှတ် (၁) ရဲစခန်းနေရာတွေကို ဗုံးကြဲတိုက်ခိုက်ချိန် ရဲစခန်းအတွင်းက အချုပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမှတ် (၁) ရဲစခန်းကို ကြဲတာ အချုပ်သား နှစ်ဦး သေသွားတယ်ဗျ။ တစ်ဦး ဒဏ်ရာရတယ်။ တခြားထိခိုက်မှုတွေလည်းရှိတယ်။ ကျန်တာတော့ မသိရဘူး”
ဒီတိုက်ခိုက်မှုကြောင့် ရဲစခန်းအနီးက ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သူက ပြောပါတယ်။
သေဆုံးသွားတဲ့ အချုပ်သားနှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးသလို MNDAA ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
လားရှိုးမြို့ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့ က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာ မြို့ခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ လားရှိုးမြို့နယ်အတွင်းမှာ သြဂုတ်လ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၂၃ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ၃၆ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ အချုပ်သား နှစ်ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၅ ဦး သေဆုံးပြီး နောက်ထပ် လူငါးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။