လပွတ္တာမြို့ပေါ်ရောက် မုန်တိုင်းရှောင်ငါးထောင်ကျော် စားနပ်ရိက္ခာအကူအညီလိုနေ

လပွတ္တာမြို့ပေါ်ကို မေလ ၆ ရက်နေ့ကနေ မေလ ၉ ရက်အထိ မုန်တိုင်းရှောင် ဒေသခံ ငါးထောင်ကျော်ရောက်လာပြီး စားရေးသောက်ရေးအတွက် အကူအညီတွေ လိုအပ်‌နေပါတယ်။

လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းရှောင်လာသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဉ်။ Heart Laputta

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ကို မေလ ၆ ရက်နေ့ကနေ မေလ ၉ ရက်အထိ မုန်တိုင်း ရှောင် ဒေသခံ ငါးထောင်ကျော်ရောက်လာပြီး စားရေးသောက်ရေးအတွက် အကူအညီတွေ လိုအပ်‌နေတယ်လို့ လပွတ္တာ မြို့ပေါ်မှာရှိတဲ့ မုန်တိုင်းရှောင်ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

လပွတ္တာမြို့ပေါ်ကိုရောက်လာတဲ့ ဒေသခံတွေဟာ ပြင်စလူကျေးရွာအုပ်စု၊ စလူဆိပ်ကျေးရွာ အုပ်စုနဲ့ ကွင်းပေါက် စတဲ့ရွာတွေက ဒေသခံတွေဖြစ်ပြီး အများစုဟာ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာအသိမိတ်ဆွေတွေ ဆီမှာ နေထိုင်နေကြရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ကိုယ့်အစီအစဉ်နဲ့ကိုယ် ချက်ပြုတ်စားသောက်ကြသလို ဘုန်းကြီးကျောင်းနဲ့ အလှူရှင် တွေက ဆန်ရိက္ခာကူညီကြပေမယ့် လုံလောက်မှုမရှိသေးဘူးလို့ လပွတ္တာမြို့ပေါ် လူမှု ကူညီရေးအဖွဲ့တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မုန်တိုင်းရှောင်တွေ ကိုယ့်ဘာသာစုပြီး ချက်စားကြရတဲ့နေရာတွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်တိုက်တွေမှာဆိုရင် မရှိဘူးဆို အနည်းဆုံး တစ်နေရာကို လေး၊ ငါးရာလောက်တော့ရှိတယ်။ အဲဒီတော့ အလှူရှင်ပေါ် မူတည်ပြီးတော့ ကူညီပေးမှုတွေ လုပ်နေရတယ်”

လပွတ္တာမြို့ပေါ်ကို မုန်တိုင်းရှောင်ရောက်လာတဲ့ ပြည်သူတွေကို ဘယ်လိုအကူအညီတွေ ပေးထားလဲဆိုတာသိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဧရာဝတီတိုင်းမှာ ဘေးဒဏ်ခံ အဆောက်အအုံ ၁၁၈ လုံး တည်ဆောက်ထားပြီး နောက်ထပ် ၁၇ လုံး တည်ဆောက်နေတဲ့အပြင် မြို့နယ်ခြောက်ခုမှာ လူခြောက်ထောင်စာ ကယ်ဆယ်ရေးပစ္စည်းတွေ စီစဉ်ထားတယ်လို့ မေလ ၈ ရက်က စစ်ကောင်စီရဲ့ သတင်းစာတွေကနေတစ်ဆင့် ပြောထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက် မြောက်ဘက်ကို ရွေ့လျားပြီး အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်ကို ရောက်နေပြီလို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအားကောင်းတဲ့ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းကို ဦးတည်ရွေ့လျား နိုင်တာကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဟာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရပြီး အနည်းဆုံး လူ ၁၃၈,၃၇၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ လပွတ္တာမြို့နယ် တစ်မြို့နယ်တည်းကနေ သေဆုံးသူ ရှစ်သောင်းခန့် ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org