ပလက်ဝမှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟားလာဝရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2024-11-24 -
-
-
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟားလာဝရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဝင်းဝင်းနိုင်ဖြစ်ပြီး တောင်ယာသွားရင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်ဝ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ခြေတစ်ဖက် ပြတ်ရာကနေ သွေးထွက်လွန်ပြီး ဆုံးသွားတာပေါ့။ ကျွန်မတို့မှာ စားစရာ သောက်စရာ မရှိတော့ ဒီလိုပဲ တောင်ယာသွား၊ မျှစ်ရှာ၊ အသီးအရွက်ရှာပြီး စားရတယ်။ အခုက ခဏခဏ မိုင်းနင်းမိတော့ အသက်နဲ့ရင်းပြီး ရှာစားနေရသလိုပါပဲ”
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး မလုပ်ရသေးတာကြောင့် ဒေသခံတွေ မကြာခဏ မြေမြှုပ်မိုင်း အန္တရာယ်ကြုံနေရတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်လက်နက် အကြွင်းအကျန် ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ တိုးလာနေပါတယ်။
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက အရေအတွက် အများဆုံးဖြစ်တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။