မန်လီရွာမှာ မိုင်းပေါက်ကွဲလို့ ရွာသား သုံးဦး သေဆုံး


2019.03.30
manli-mine-622.jpg မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ လေးတန်း ကျောင်းသူ မအေးအောင်နဲ့ အိုက်ဟိန်း တို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် နမ္မတူ-သီပေါလမ်းပိုင်းက မန်လီကျေးရွာမှာ ဒီကနေ့မနက်က တောင်ယာလုပ်ဖို့သွားတဲ့ ရွာသားတွေ မိုင်းနင်းမိလို့ လေးတန်းကျောင်းသူတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ မနက် ခြောက်နာရီအချိန်ခန့်က မန်လီရွာသား ဆယ်ယောက်လောက်စုပြီး ရွာအရှေ့ဘက်ကို တောင်ယာလုပ်ကိုင်ဖို့သွားရာမှာ မီးရှို့ထားတဲ့ တောင်ယာတဲတစ်ခုအနီး အရောက်မှာ မိုင်းပေါက်ကွဲသွားတာလို့ အဲဒီကို ပါသွားသူတွေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မအေးအောင် အသက် ၁၄ နှစ်၊ အိုက်လောင် ၁၅ နှစ်နဲ့ အိုက်ဟိန်း ၃၄ နှစ်တို့ သုံးဦး သေဆုံးသွားခဲ့တယ်လို့မန်လီရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို သီပေါ ဆေးရုံနဲ့ လားရှိုး ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲတဲ့ နေရာဟာ ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ် ၃ရက်နေ့အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSSနဲ့တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်း အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး RCSS အဖွဲ့ဘက်ကတော့ သူတို့သတင်းပြန်ကြားရေးဝက်ဘ်ဆိုဒ်ကနေ TNLA ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့ပြောဆိုထားပြီး TNLA ဘက်ကတော့ မြေပြင်စုံစမ်းမှုတွေအရ အဲဒီနေရာမှာသူ တို့မိုင်းထောင်ထားတာမရှိကြောင်း RCSS ကထောင်ထားတဲ့ မိုင်းသာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

SSPP ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဘုန်းဟန်ကလည်း သူတို့ အဖွဲ့အနေနဲ့ လူထုထိခိုက်စေမယ့် ထောင်မိုင်း နင်းမိုင်း တွေအသုံးမပြုသလို အခုကိစ္စကိုလည်း သေချာမသိရှိရသေးဘူးလို့ပြောပါတယ်။

မန်လီကျေးရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့TNLA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ သီပေါမြို့ကို စစ်ဘေးရှောင်ခဲ့ကြရပြီး မန်လီရွာကို ပြန်ခဲ့တာတာမကြာသေးဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။