အိန္ဒိယ - မြန်မာ နယ်စပ်အနီးမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား တစ်ဦးသေဆုံး
2023.09.29

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ရွာက အမျိုးသားတစ်ဦး စစ်တင်ဘာ ၂၈ ရက်နေ့က နွားကျောင်းသွားတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် (၃၀) အရွယ် ကိုဂင်မင်လာယ်း (Gin Min Lel) ဖြစ်ပြီး ဒီမိုင်းကိုတော့ ဘယ်အဖွဲ့အစည်းက ထောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"နွားကျောင်းတဲ့ နေရာမှာနင်းမိတာ ခြေထောက်တွေလည်း ပြတ်တယ်။ ပွဲချင်းပြီး သေတာပေါ့။ မိုင်းကတော်တော်ပြင်းတယ်"
တမူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက်လုံးက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။
ရန်လင်းဖိုင်ရွာ အပါအဝင် နန်းမွန်းတားနဲ့ ခွမ်မွန်းနွံ ရွာတွေက ဒေသခံတွေကလည်း တိုက်ပွဲတွေကြောင့် မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။
တမူးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ကလေးမြို့မှာလည်း စက်တင်ဘာ ၂၈ ရက်နေ့မှာ လမ်းသွားလမ်းလာ ကလေးတစ်ဦး စက်ဘီးစီးသွားလာနေရင်း မိုင်းပေါက်ကွဲတာကြောင့် သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။