သိမ်းဆည်းမြေယာတွေ ပြန်လည်ရရှိရေး လွိုင်ကော်မှာ ဆန္ဒပြ
2018.04.23

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မထောခူနဲ့ ဇရပ်ဖြူရေငုတ်တောင် ကျေးရွာတွေက သိမ်းဆည်းခံထားရတဲ့ မြေဧက ၂၀၀ ကျော် ပြန်လည်ရရှိရေးအတွက် ဒေသခံ ၄၀၀ လောက်က လွိုင်ကော်မြို့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
နယ်မြေလုံခြုံရေးအရဆိုပြီး သိမ်းယူသွားတဲ့ တောင်သူ ၈၅ ယောက်ရဲ့ မြေတွေ ပြန်လည်ရရှိရေးအတွက် တောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်နော်ဟဲကလေထူး က ပြောပါတယ်။
"ကျမတို့ကို နယ်မြေလုံခြုံရေးအရဆိုပြီးတော့ လက်မှတ်ထိုးခိုင်းပြီးတော့ ထွက်ခိုင်းခဲ့တယ်လေ၊ သိပ်မကြာခင် မှာပဲ စရဖ ဦးထွန်းရွှေကပေါ့နော်၊ အဲမှာဝင်ပြီးတော့ လုပ်ကိုင်ခဲ့တယ်၊ သူက မြေစာရင်းနဲ့ ပူးပေါင်းပြီးတော့ ပုံစံ ၇ ကို မမှန်မကန် ထုတ်ယူခဲ့တဲ့အပေါ် ကျမတို့တောင်သူတွေက မကျေနပ်လို့ ဒီနေ့ ဆန္ဒထုတ်ဖော်တယ်၊ တောင်သူ ဦးရေကတော့ ၈၅ ဦးရှိတယ်၊ ဖြစ်တာကတော့ ၂ နေရာပေါ့နော်၊ တောင်သူ ၆၁ ဦးရဲ့ မြေတွေက ဒ.က.စ ကသိမ်းယူပြီးတော့ ဦးထွန်းရွှေဆိုတဲ့လူကို ရောင်းစားခဲ့တယ်၊ ကျမတို့ ဒီဘက်ကျတော့ ဦးထွန်းရွှေက တစ်ဖက် လှည့်နဲ့ပေါ့နော်၊ ကျမတို့ကို နယ်မြေလုံခြုံရေးအရဆိုပြီးတော့ မောင်းထုတ်ပြီးတော့ သူ ရယူခဲ့တဲ့ မြေတွေ ဖြစ်တယ်၊ စုစုပေါင်း တောင်သူ ၈၅ ဦးရဲ့ မြေဧကပေါင်း ၂၀၀ ကျော်တာပေါ့"
အဲဒီမြေယာတွေနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေမှာ စိစစ်နေတယ်လို့ ကယား ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို က ပြောပါတယ်။
"မထောခူက ခရိုင်အဆင့် စိစစ်နေတုန်းပါပဲ မပြီးသေးပါဘူး၊ မတက်လာသေးဘူး ကျနော်တို့ ပြည်နယ်အဆင့် ကိုနော်၊ ရေငုတ်တောင်ဆိုတာကလည်း မြို့နယ်အဆင့်စိစစ်တာပဲရှိသေးတယ်၊ အဲမှာ တကယ်လို့များ အောက်ခြေကနေ ပြီးသွားရင်လည်း ကျနော်တို့ အပေါ်ဆက်တက်စရာမလိုဘူးပေါ့"
မထောခူကျေးရွာက တောင်သူ ၂၄ ယောက်ရဲ့ မြေတွေကို ၂၀၀၆ ခုနှစ်က သိမ်းယူခံရတာဖြစ်ပြီး ဇရပ်ဖြူ ရေငုတ်တောင်ကျေးရွာက တောင်သူ ၆၁ ဦးရဲ့ မြေတွေကိုတော့ ၂၀၀၈ ခုနှစ်မှာ သိမ်းယူခံရတာဖြစ်တယ်လို့ ဒေါ်နော်ဟဲကလေထူး က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ တောင်သူလယ်သမားမြေပြန်လည်ရရှိဖို့၊ အကျင့်ပျက်ခြစားနေတဲ့ မြေစာရင်းတွေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ ပုဂ္ဂိုလ်တွေ နုတ်ထွက်ပေးဖို့၊ ဒ.က.စ တပ် သိမ်းဆည်းမြေပြန်လည်ရရှိဖို့၊ ပြည်သူ့ကိစ္စမှန်ကန်စွာ မဆောင်ရွက်နိုင်တဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေကိုယ်စားလှယ်တွေ နုတ်ထွက်ပေးဖို့တို့ကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ မြေသိမ်းခံတောင်သူတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ လူငယ်အဖွဲ့တွေနဲ့ ဒေသခံတွေပါဝင်ပြီး မြို့တစ်ပတ် လှည့်လည် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။