တန့်ယန်းမှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ်။
မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ်။ (Josh Michael)

ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်က နေအိမ်ခြံဝင်းတစ်ခုထဲမှာ ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်က မိုင်းပေါက်ကွဲခဲ့ပြီး ငါးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခင်းဖြစ်ရာ နေအိမ်ခြံဝင်းအနောက်ဘက် ကန်စွန်းဥစိုက်ခင်းမှာ ယောကျာ်းလေး ကလေးငယ်နှစ်ဦး ဆော့ကစားနေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ယောက်ကတော့ လက်တစ်ဖက်ပြက်ပြီးတော့ ရင်ဘက်တွေအပေါက်အပေါက် ဖြစ်ပြီးတော့ အဲဒီမှာပဲ သေသွားတာ။ အငယ်ကတော့ နည်းနည်းပဲထိခိုက်တာပါ”

ဒဏ်ရာရတဲ့ကလေးငယ်ကိုတော့ လက်ရှိအချိန်မှာ ဆေးရုံတင်ထားပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။