ကျောက်မဲမှာ လက်နက်ကြီးအကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

RFA Burmese
2024.02.27
ကျောက်မဲမှာ လက်နက်ကြီးအကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ ကျောက်မဲမြို့ပေါ် ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၁၊ နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
တင်မောင်သိန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် နောင်ပြစ်ရွာမှာ ဖေဖော်ဝါရီလ ၂၅ ရက်က လက်နက်ကြီး အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၁၇ နှစ်အရွယ် စိုင်းထွန်းလှဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် စိုင်းလူး၊ အသက် ၃၈ နှစ်အရွယ် စိုင်းလှရွှေနဲ့ အသက် ၂၅ နှစ်အရွယ် စိုင်းထွန်းအောင်တို့ ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးအကြွင်းအကျန်တစ်ခုကို ဆွဲနုတ်လိုက်ချိန်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင်းတော့ မဟုတ်လောက်ဘူး။ လက္ခဏာက လက်နက်ကြီးအကြွင်းအကျန်ကို ဆွဲနုတ်လိုက်လို့ ပေါက်ကွဲမှု ဖြစ်တာပေါ့နော်”

ဒဏ်ရာရသူ သုံးဦးထဲမှာ တစ်ဦးက ကျောက်မဲဆေးရုံမှာ ရောက်ရှိနေပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦးကိုတော့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရသူ လေးဦးစလုံးဟာ အလုပ်သမားတွေဖြစ်ပြီး ကြံခင်းထဲမှာ ကြံတင်ဖို့သွားချိန် အခုလို မတော်တဆမှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ မိုင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်မှု ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ လားရှိုးမြို့တွေမှာ မြေမြှုပ်မိုင်းကြောင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးခြေထောက်ဖြတ်လိုက်ရပါတယ်။

RFA ရဲ့ စာရင်းအရ ဇန်နဝါရီတစ်လအတွင်း ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မူဆယ်၊ မန်တုံ၊ နမ္မတူနဲ့ ကိုးကန့်ဒေသအတွင်းမှာတော့ အမျိုးသမီးငါးဦးနဲ့ အမျိုးသား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။