ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံငါးဦး ဒဏ်ရာရ
2023.02.25
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ရွာမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၅ နာရီခွဲဝန်းကျင်က မြေမြှုပ်မိုင်း သုံးကြိမ်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ဇင်ရွာကို ကုန်စိမ်းလာရောင်းတဲ့ ဇနီးမောင်နှံနှစ်ဦးနဲ့ ရွာခံအမျိုးသားသုံးဦး မိုင်းထိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“တခြားရွာက ကုန်စိမ်းလင်မယားက ရွာထဲဈေးလာရောင်းတဲ့အချိန် မိုင်းထိတာ။ ဒေသခံတွေကတော့ ကိုဖိုးပိန်က အသက် ၄၅ လောက်ရှိမယ်။ ကိုလွမ်းချိုက အသက် ၃၀ ကျော် သူတို့နှစ်ယောက်က အလုပ်သွားရင်ထိတာ။ ကိုကျော်မြိုင် အသက် ၄၅ နှစ်လောက်က ခွေးသေကို ရွာပြင်သွားပစ်တဲ့အချိန်မှာ ထိတာ”
ညောင်ဇင်ရွာ အဝင်အထွက်လမ်းမှာတင် မိုင်းသုံးလုံး တစ်နေရာဆီ ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ကန့်ဘလူဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းတွေကို ဘယ်အဖွဲ့က ထောင်ခဲ့သလဲဆိုတာတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရသေးလသို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လကုန်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။